ဒီနေ့ ပြုလုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ရွေးကောက်ပွဲတွေမှာ လက်ရှိသမ္မတ ဆူစီလို ဘန်ဘန်း ယူဒိုရိုနို ဟာ နောက်ထပ် ၅ နှစ် သက်တမ်းအတွက် အပြတ်အသတ် အနိုင်ရလိုက်တယ်လို့ မဲပေးအပြီး စစ်တမ်းကောက်ယူမှုတွေက ဖော်ပြနေကြပါ တယ်။ သမ္မတက မဲအရေအတွက်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်နဲ့ ဦးဆောင်နေတာလို့ တရားဝင်မဟုတ်သေးတဲ့ အခု စစ်တမ်း ကောက်ယူမှုတွေက ဖော်ပြနေကြတာပါ။ လတ်တလော ကြိုတင် စစ်တမ်းတွေအရ သမ္မတဟောင်း မေဂါဝတီ ဆူကာနို ပူထရီ က မဲတွေရဲ့ ၂၈ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာ လိုက်နေပြီး၊ ဒုသမ္မတ Jusuf Kalla ကတော့ မဲတွေရဲ့ ၁၃ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။
သမ္မတ ယူဒိုရိုနိုက သူနေထိုင်ရာ အနောက်ဂျာဗားက နေအိမ်ကနေ ရုပ်မြင်သံကြား မိန့်ခွန်း ပြောကြားတဲ့နေရာမှာ စစ်တမ်း ကောက်ယူမှုတွေအရ သူ့ပါတီ အနိုင်ရတယ်ဆိုပေမဲ့ ဒီလကုန် အမျိုးသားရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင် ရွေးကောက် ပွဲ ရလဒ်တွေ ထွက်ပေါ်လာတဲ့အထိ စောင့်ကြဖို့ သူ့ကို ထောက်ခံသူတွေကို သမ္မတက တိုက်တွန်းထားတာပါ။ နိုင်ငံတဝန်းက မဲရုံပေါင်း ၄ သိန်းခွဲမှာ ပဋိပက္ခမှု ကြီးကြီးကျယ်ကျယ် ဖြစ်တာ မကြားရဘူးလို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။ အစော ပိုင်းမှာတုန်းကတော့ သမ္မတရဲ့ ပြိုင်ဖက်တွေက မဲစာရင်းတွေမှာ မသမာမှုတွေရှိတယ်ဆိုပြီး ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တာ ပါ။ ဒါဟာဆိုရင် အင်ဒိုနီးရှားနိုင်ငံရဲ့ အာဏာရှင်ခေါင်းဆောင် ဆူဟာတို ပြုတ်ကျအပြီး ဒုတိယအကြိမ် ပြုလုပ်တဲ့ သမ္မတ ရွေးကောက်ပွဲတွေလည်း ဖြစ်ပါတယ်။