သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး တိုးတက်အောင်လုပ်ဖို့ စက်မှုထိပ်သီး ၈ နိုင်ငံ တိုက်တွန်း


အီတလီနိုင်ငံမှာ ကျင်းပနေတဲ့ G 8 စက်မှုထိပ်သီး ၈ နိုင်ငံရဲ့ ထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးပြီး ပွင့်လင်း မြင်သာတဲ့ ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးဖို့ မနေ့က စည်းဝေးပွဲ ပထမနေ့မှာ ခေါင်းဆောင်တွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တာကိုလည်း G 8 ထိပ်သီးစည်းဝေးပွဲက ကြိုဆိုတဲ့အကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အစိုးရအတွက် ပြောကြားချက်တွေကို သယ်ဆောင်သွားတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက် ထောက်ခံနေမှာ ဖြစ်တဲ့အကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စိုးရိမ်မှုတွေအတွက် မြန်မာစစ်အစိုးရဘက်က လိုက်ပါဆောင်ရွက်မှုတွေကို ပြသနိုင်တဲ့ အခွင့်အလမ်း ရခဲ့ပါလျက်နဲ့ မယူခဲ့ဘူးလို့ အတွင်းရေးမှူးချုပ်ရဲ့ အမြင်သဘောထားကို လက်ခံကြောင်းလည်း ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ကြီးရဲ့ လက်ရှိ အလှည့်ကျ သဘာပတိတာဝန် ထမ်းဆောင်နေတဲ့ ပြင်သစ်နိုင်ငံကလည်း ကုလသမဂ္ဂအဖွဲ့နဲ့ စစ်အစိုးရက ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုနေတဲ့အပေါ်နဲ့ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံကို ရောက်ရှိနေစဉ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုတာကို စစ်အစိုးရဘက်က ငြင်းဆိုခဲ့တဲ့အပေါ် အထူးစိုးရိမ် ပူပန်မိကြောင်း ပြောကြားခဲ့ပါတယ်။

G 8 ခေါင်းဆောင်တွေဟာ သူတို့ရဲ့မိတ်ဆွေ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၅ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ရာသီဥတု ပြောင်းလဲမှု ကိစ္စတွေကို အီတလီနိုင်ငံမှာ ဒီကနေ့ ဒုတိယနေ့မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ မက္ကဆီကိုနဲ့ တောင်အာဖရိကနိုင်ငံတို့က ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အပါအဝင် G 8 ခေါင်းဆောင်တွေဟာ အီတလီနိုင်ငံ အလယ်ပိုင်းက လာကီလာ (L’ Aquila) မြို့မှာ တွေ့ဆုံဆွေးနွေးနေကြတာပါ။

ဖွံ့ဖြိုးဆဲနိုင်ငံတွေကို စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ ဟွန်ဒူရပ်စ်နိုင်ငံက နိုင်ငံရေးပဋိပက္ခ၊ တရုတ်နိုင်ငံအတွင်းက လူမျိုးစုတွေရဲ့ ပြဿနာ စတာတွေကို ၃ ရက်ကြာ ကျင်းပနေတဲ့ ဒီ စီးပွားရေး ထိပ်သီးညီလာခံရဲ့ ဒုတိယနေ့မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒါ့အပြင် အီရန်ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ မြောက်ကိုရီးယားရဲ့ နျူကလီးယား ပြဿနာ စတာတွေကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်လို့တော့ ကမ္ဘာ့ဥတုရာသီ ပြောင်းလဲမှုကို ဖြစ်ပေါ်စေတယ်ဆိုတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု လျှော့ချကြဖို့ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG