တောင်ကိုရီးယားနိုင်ငံက ကွန်ပျူတာ အင်တာနက် အသုံးပြုမှုတွေကို ဟက်ကာစ် (Hackers) တွေကို အသုံးပြုပြီး ဒီနေ့ ကြာသပတေးနေ့မှာ အသစ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ အင်တာနက် လုံခြုံရေးဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ မြောက်ကိုရီးယားရဲ့ လက်ချက်ဖြစ်တယ်လို့ သူတို့က ပြစ်တင်ပြောဆိုကြပါတယ်။
ဒီဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ တောင်ကိုရီးယားနိုင်ငံ ရင်ဆိုင်နေရတာဟာ ဒီနေ့ပါနဲ့ဆိုရင် ၃ ရက်ရှိသွားပြီလို့ တောင်ကိုရီးယား အင်တာနက် လုံခြုံရေးအဖွဲ့က ပြောပါတယ်။
အဓိက အတိုက်ခိုက်ခံရမှုတွေကိုတော့ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံ အစိုးရ ဝက်ဘ်ဆိုက်စာမျက်နှာတွေမှာ တွေ့ရပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ တပြိုင်တည်း တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေအတွက် မြောက်ကိုရီးယားအစိုးရ၊ ဒါမှမဟုတ် သူ့ကို ထောက်ခံအားပေးမှုတွေနဲ့ ပါဝင်ပတ်သက်နေမယ်လို့ တောင်ကိုရီးယား အမတ်တွေကို တောင်ကိုရီးယား ထောက်လှမ်းရေး NIS က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒီလို တချိန်တည်း၊ တပြိုင်တည်း ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုတွေ လုပ်နိုင်ဖို့ အတော်အတန် ကြီးမားတဲ့ အဖွဲ့အစည်းကဖြစ်စေ၊ ဒါမှမဟုတ် နိုင်ငံတနိုင်ငံကဖြစ်စေ ဦးစီးပြုလုပ်မှသာ ရနိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံ သမ္မတရဲ့ အာဏာရပါတီ၊ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ တခြား အစိုးရဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေမှာ အခုလို ဆိုက်ဘာတိုက်ခိုက်မှုတွေ ခံနေကြရတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာလည်း သမ္မတအိမ်ဖြူတော် အပါအဝင် အမိမြေ လုံခြုံရေးဌာန၊ ကာကွယ်ရေးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗွီအိုအေ အမေရိကန်အသံ အပါအဝင် အစိုးရ ကွန်ပျူတာ ဝက်ဘ်ဆိုက် စာမျက်နှာတွေမှာ တိုက်ခိုက်ခံနေရတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။