သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲတဲ့နိုင်ငံတွေကို ဒေါ်လာ ၂၀ ဘီလီယံ ကူဖို့ G-8 ခေါင်းဆောင်တွေ ဆုံးဖြတ်


အီတလီနိုင်ငံ လာကီလာ (L’Aquila) မြို့မှာ ကျင်းပနေတဲ့ G-8 စက်မှု ၈ နိုင်ငံတို့ရဲ့ သုံးရက်ကြာ ထိပ်သီး အစည်းအဝေး ဒီကနေ့ သောကြာနေ့မှာ အဆုံးသတ်ခဲ့ပါပြီ။ ဆင်းရဲမွဲတေတဲ့ နိုင်ငံတွေမှာ စားနပ်ရိက္ခာ အတွက် ကူညီဖို့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂ သောင်း ပေးဖို့ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေမှာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်ဖို့ နဲ့ သူတို့ကိုယ်ပိုင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေကနေတဆင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ကူညီတဲ့အနေနဲ့ သုံးနှစ် အစီအစဉ် တရပ်ကနေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၅,၀၀ ကူညီဖို့ အမေရိကန်အစိုးရက ကတိပြုခဲ့ပါတယ်။ စားနပ်ရိက္ခာ ဖူလုံရေး ကိစ္စနဲ့ပတ်သက်လို့ အာဖရိကနိုင်ငံက ခေါင်းဆောင် တွေနဲ့ G-8 ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးတဲ့နောက် အခုလို ကြေညာခဲ့တာပါ။

အစည်းအဝေး ပြန်လည် သုံးသပ်ခဲ့စဉ်အတွင်း အမေရိကန် သမ္မတ ဘရက် အိုဘားမား က - စီးပွားရေး တိုးတက်မှု မရှိတာ တွေနဲ့ ရာသီဥတု အပြောင်းအလဲ ကိစ္စတွေကို ဆွေးနွေးတဲ့နေရာမှာ ခေါင်းဆောင်တွေဟာ ပွင့်ပွင့်လင်းလင်း ရှိပြီးတော့ စိတ်ဓာတ်ခိုင်မာကြတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ စီးပွားရေးကပ် ကနေ ပြန်ပြီးတော့ နာလန်ထူနိုင်ဖို့ အများကြီး အချိန်ယူ လုပ် ရဦးမယ် ဆိုတာကို ခေါင်းဆောင်တွေက သဘောတူခဲ့ကြတယ်လို့ ဆိုပြီးတော့ ကမ္ဘာ့ စီးပွားရေး ပြန်လည် ဦးမော့လာ အောင် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ ရေရှည် သဘောတူညီမှုတွေ ရဖို့ လိုအပ်တဲ့အကြောင်းကိုလည်း မစ္စတာ အိုဘားမား က ပြောခဲ့ပါတယ်။

နျူကလီးယား လက်နက် ပြန့်ပွားမှုတွေကို တားမြစ်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့ သဘောတူညီခဲ့တဲ့ အကြောင်းလည်း ပြောပါတယ်။ အီရန် သမ္မတ ရွေးကောက်ပွဲ နောက်ဆက်တွဲ ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ရပ်တွေလို့ သူ ပြောတဲ့ ဖြစ်ရပ် တွေအတွက် စိုးရိမ်ကြတဲ့အကြောင်း နဲ့ အီရန် အနေနဲ့ နျူကလီးယား ပြန့်ပွားအောင် လုပ်နေတဲ့ အန္တရာယ်တွေနဲ့ ပတ်သက် လို့ စိုးရိမ်တဲ့အကြောင်းလည်း ခေါင်းဆောင်တွေက ထုတ်ဖော် ပြောခဲ့ကြတယ်လို့လည်း မစ္စတာ အိုဘားမား က ဆိုပါတယ်။

အမေရိကန် သမ္မတ ဟာ သောကြာနေ့ နှောင်ပိုင်းမှာ ပုပ်ရဟန်းမင်းကြီး ဘန်းနဒစ် (Benedict) နဲ့လည်း Vatican City မှာ တွေ့ဆုံဖို့ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG