သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးအဆင့် ထုချေဖို့ ဇူလိုင်၂၄ ရက် ချိန်း


ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုနေတဲ့ အမှုရဲ့ ဒီကနေ့ရုံးချိန်းမှာ နောက်ဆုံးကျန်တဲ့ သက်သေတဦးတည်းကိုပဲ စစ်ဆေးမေးမြန်းခဲ့ပြီး အဲဒီလို မေးမြန်းတာနဲ့ပဲ တနေကုန် သွားခဲ့ပါတယ်။ အဲဒီလို စစ်ဆေးမေးမြန်းတဲ့ အခါမှာ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေဟာ လက်ရှိမှာကို အသက်ဝင်နေဆဲ ရှိသေးတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ပေါ်လွင်အောင် တရားလို ရှေ့နေ တွေ က မေးခွန်းများစွာ ပြင်ဆင်ပြီး မေးမြန်းခဲ့ကြတာကြောင့် ဒီလောက် အချိန်ကုန် သွားခဲ့ရတာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးက ပြောပါတယ်။ ဒီကနေ့ တရားခွင် အခြေအနေနဲ့ပတ်သက်ပြီး ဘန်ကောက်ကနေ စောင့်ကြည့် နေတဲ့ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲတင်ထားတာဟာ ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ်ကို ဖောက်ဖျက်တယ်ဆိုတဲ့ အချက်က အဓိကစွဲချက် ဖြစ်ပါတယ်။ ဒီစွဲချက်ပုဒ်မတွေ အားလုံးဟာလည်း ၁၉၇၄ ခုနှစ် အခြေခံဥပဒေကနေ မြစ်ဖျားခံလာတာပါ။ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂျွန်ယက်တောကို လက်ခံတာဟာ အဲဒီအခြေခံဥပဒေမှာ ပါတဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့် ဆိုတဲ့ အချက်ကို ဖောက်ဖျက်တာလို့ တရားလိုတွေဘက်ကနေ စွပ်စွဲထားပါတယ်။ ဒါ့ကြောင့်လည်း ဒီကနေ့ တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ စွဲတင်ထားတာတွေဟာ မမှန်ဘူး၊ ဒီစွဲချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ကျူးလွန်ခြင်း မရှိဘူး ဆိုတာကို ပေါ်လွင်အောင် နောက်ဆုံး သက်သေ ဒေါ်ခင်မိုးမိုးကို မေးခွန်းထုတ် မေးမြန်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ကျနော်တို့က အသေမဟုတ်ဘူး။ ေ၉၇၄ ခုနှစ် အခြေခံဥပဒေက အသက်မရှိတော့ဘူး။ ဒါကြောင့် အဲဒီကလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပေါ်မှာ တင်တဲ့အမှုက မရှိဘူး။ ဒါက တခု။ အကယ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိတယ်ဆိုရင်လည်း ပုဂ္ဂလိက လွတ်လပ်မှု ဆိုတဲ့ စကားလုံး အနက်အဓိပ္ပါယ်ကို ဘယ်မှာမှ မပါဘူး။ ဘယ်ဥပဒေမှာမှ မပါဘူး။ အဲဒီလို မပါရင် တရားလိုဘက်က စွပ်စွဲသလို အစာကြွေးတာ၊ နုတ်ဆက်တာ စကားပြောတာ၊ နေရာပေးတာဟာ အဲဒီရဲ့ အကျုံးဝင်းခြင်း မဝင်ခြင်း ဆိုတာ တရားလိုအဖွဲ့အစည်း တရားစွဲအဖွဲ့အစည်းမှာ လုံး၀ အဓိပ္ပါယ် ဖွင့်ဆိုခွင့် မရှိဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၉၇၄ အရ ပြည်သူ့လွှတ်တော်ကသာ အဓိပ္ပါယ် ဖွင့်ဆိုနိုင်တယ်။ ပြည်သူ့လွှတ်တော် ဆိုတာလည်း အခု မရှိဘူး။ ဒါကြောင့် ဒီပြစ်မှုကို ဒေါ်အောင်ဆန်းစုကြည်လည်း မကျူးလွန်ဘူး။ အဲဒီလို ကျနော်တို့ သွားတာပါ။”

တရားလိုတွေ ဘက်ကလည်း ၁၉၇၄ ခုနှစ် အခြေခံဥပဒေဟာ အသက်ရှိသေးတယ် ဆိုတာကို ပေါ်လွင်ဖို့နဲ့ ခုခံသူတွေဘက် က ဥပဒေအရ ထိုးနှက်ချက်ကို ကာကွယ်ဖို့ မေးခွန်း အများအပြား ပြင်ဆင်လာပြီး မေးမြန်းခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ “ဟိုဘက်က ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အသက်မရှိတော့ဘူးလို့ ပြောတာကို အကြီးအကျယ် မေးခွန်းတွေ ထုတ်တာ၊ အကြီးအကျယ် ဆိုတာ မေးခွန်းပေါင်း မြောက်များစွာ ထုတ်တယ်။ ဒီနေ့ အဲဒါနဲ့ အချိန်ကုန်တာ။”

ဒီကနေ့တရားခွင်မှာ လျှောက်လဲချက်ပေး ထွက်ဆိုခဲ့သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် ရှမ်းပြည်နယ် တောင်ကြီးမြို့က ဥပဒေပညာရှင် ဒေါ်ခင်မိုးမိုး ပါ။ ဒီလို ဒေါ်ခင်မိုးမိုး ထွက်ဆိုခွင့် ရဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အတော်လေး ကြိုးပမ်းခဲ့ရပါတယ်။ ပထမဆုံး တင်သွင်းတဲ့ သက်သေ လေးယောက်ထဲမှာ ဒေါ်ခင်မိုးမိုး ပါ ပါပေမယ့် မူလ ခရိုင် တရားရုံးက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ရန်ကုန်တိုင်း တရားရုံးကို အယူခံ တင်လျှောက်ထားခဲ့တဲ့ အခါ ဒေါ်ခင်မိုးမိုးကို ခွင့်ပြုခဲ့ပေမဲ့ နေအိမ်အကျယ်ချုပ် ကျနေတဲ့ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် တို့ကိုတော့ ဆက်ပြီး ပယ်ချခဲ့ပါတယ်။

နောက်ဆုံးအဆင့် ဗဟိုတရားရုံးကို အယူခံတင် လျှောက်ထားရာမှာလည်း ပယ်ချခဲ့တဲ့အတွက် အခုတော့ ဒေါ်ခင်မိုးမိုး တယောက်ပဲ ဒီကနေ့ ထွက်ဆိုခဲ့ပြီး နှစ်ဘက် ထွက်ဆိုလျှောက်လဲချက်တွေ အားလုံး ပြီးသွားပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဒေါ်ခင်မိုးမိုးဟာ ခုခံချေပသူတွေဘက်က တင်သွင်းတဲ့ သက်သေနှစ်ယောက်ထဲမှာမှ အတော်လေး အဓိကကျတဲ့ သက်သေ ဖြစ်တယ် ဆိုရင် မမှားပါဘူး။

နောက်ဆုံးအဆင့် လျှောက်လဲချက် ပေးကြဖို့ ဇူလိုင်လ ၂၄ ရက်၊ သောကြာနေ့၊ နေ့လည် ၂ နာရီကို ရုံးချိန်း ပေးလိုက်တယ် လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

ဒီနေ့တရားရုံးမှာတွေ့ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်လို့လည်း -

“ကောင်းပါတယ်။ ကျန်းမာရေး အခြေအနေလေ။ ကောင်းတယ်။ နောက်ပြီးတော့ ကျနော်တို့က တပြိုင်နက်မှာပဲ စာမျက်နှာ ၁၈ မျက်နှာ ပြုစုပေးတာ။ သူက ညတွင်းချင်း ပြန်ရေး၊ ပြန်ပြီးတော့ remark လုပ်တာပေါ့လေ။ ဒါ final argument အတွက် ကျနော်တို့ ပြင်ဆင်နေကြတာပေါ့။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦး ဖြစ်သူ ဦးဉာဏ်ဝင်းပါ။

ဒီအမှုကို အဓိက စဖြစ်စေခဲ့သူလို့ ပြောရမယ့် အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယမ် ယက်တော ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဆေးရုံတင် ခဲ့ရတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဒီကနေ့တော့ တရားခွင်မှာ ပုံမှန်အတိုင်း တွေ့ခဲ့ရတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

တရားစစ်ဆေးခဲ့တဲ့ အင်းစိန်ထောင်ဝင်းပြင်ပမှာ လက်နက်ကိုင် လုံခြုံရေးရဲတွေ တင်းတင်းကျပ်ကျပ် ချထားပြီး လမ်းတွေ လည်း ပိတ်ထားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ တွေကတော့ အင်းစိန်ထောင်နား ပတ်ဝန်းကျင်တဝိုက် စုဝေးရောက်ရှိနေခဲ့ကြတယ် လို့လည်း ပြောပါတယ်။

အမှုစစ်ဆေးနေတာဟာ မကြာခင် သီတင်းပတ်တွေအတွင်း အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ တရားရုံးရဲ့ နောက်ဆုံး ဆုံးဖြတ် ချက်က ဘယ်လိုဖြစ်လာမယ် ဆိုတာ ဘယ်သူမှ တိတိကျကျ မခန့်မှန်းနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့မှာ အပြစ် မရှိတဲ့အကြောင်း ရုံးတင်စစ်ဆေးမှု အစမှာကတည်းကိုက ပြောထားခဲ့ဖူးသလို သူ့အပေါ် တင်ထားတဲ့ စွဲချက် တွေ အားလုံးဟာ နိုင်ငံရေး ရည်ရွယ်ချက် နဲ့ စွဲတင်ထားတာ ဖြစ်တယ်လို့လည်း ပြောခဲ့ဖူးပါတယ်။ အမှုကို အများပြည်သူ ရှေ့မှောက်မှာ စစ်ဆေးတာ မဟုတ်သလို သက်သေတွေ ခွင့်ပြုတာကလည်း အရေအတွက် မညီမျှလွန်းတဲ့ အတွက် မျှတမှု မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကလည်း ပြောထားပါတယ်။

ဒီအမှုစကတည်းကိုက နိုင်ငံတကာကနေ မြန်မာစစ်အစိုးရပေါ် ပြစ်တင်ဝေဖန်တာတွေ ပိုတိုးလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသံတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့ပါတယ်။ နောက်ဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာနိုင်ငံလာပြီး တောင်းဆိုခဲ့ပေမယ့် မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တွေ့ခွင့်တောင် မပေးခဲ့ပါဘူး။ ဒါ့ကြောင့်လည်း မြန်မာစစ်အစိုးရဟာ နိုင်ငံရေး ပွင့်လင်းမှုခေတ်သစ်ကို သန္နိဋ္ဌာန်ချ သွားနေပါတယ် ဆိုတာကို ပြသဖို့ တကယ့် အခွင့်အလန်းကောင်း တခုကို လက်လွတ်သွားတယ်လို့ သူယုံကြည်ကြောင်း မြန်မာနိုင်ငံကနေ ပြန်မထွက်ခင်လေးမှာ မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဘာမှတ်ချက် တစုံတရာမှ ပြောကြားတာမျိုး မရှိခဲ့ပါဘူး။ သူနဲ့ မစ္စတာဘန်ကီမွန်း တို့ တွေ့ခွင့်ရမယ် ဆိုရင်တောင်မှ သူ့ရဲ့အမှုကိစ္စအတွက် ပြောဆိုဆွေးနွေးမှာ မဟုတ်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စကိုသာ ဆွေးနွေးမှာဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်း မလာခင်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG