သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဝက်တုပ်ကွေး ကူးစက်သူ နောက်တဦး တွေ့


မြန်မာနိုင်ငံမှာ A H1N1 ဗိုင်းရပ်စ် အမျိုးအစား ဝက်တုပ်ကွေး ရောဂါပိုး ကူးစက်သူ နောက်တယောက် ထပ်တွေ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု ပြောဆိုပါတယ်။ အခုတွေ့တဲ့လူနာဟာ မြန်မာနိုင်ငံမှာတွေ့ရှိတဲ့ ဒုတိယမြောက် လူနာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အခု ရောပိုး ကူးစက်ခံရသူဟာ ထိုင်းနိုင်ငံကနေ ပြီးခဲ့တဲ့ ဂျူလိုင်လ ၆ ရက်နေ့က ပြန်လာတဲ့ အသက် ၂၀ အရွယ် အမျိုးသား တဦး ဖြစ်တယ်လို့ စစ်အစိုးရ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ အခုလို ဝက်တုပ်ကွေးရောဂါပိုး ကူးစက်တဲ့လူနာ နောက်တဦး ထပ်တွေ့တယ်ဆိုတာ မှန်ကန်တဲ့အကြောင်း ရန်ကုန်မြို့ ကျန်းမာရေး ဝန်ကြီးဌာနရုံးက ဝန်ထမ်း တဦးက အတည်ပြု ပြောဆိုပါတယ်။

“ဟုတ်ပါတယ်။ မှန်ပါတယ်ရှင်။ ကျမတို့ ဝန်ကြီးဌာနက အတည်ပြုပြီးတော့ သွားတာပါရှင်။ အဲဒီကလေးကတော့ ဘန်ကောက်က ပြန်လာတာပါ။ သူ့ကို ဆေးကုသမှု ပေးနေပါတယ်။”

မြန်မာနိုင်ငံကို ရောက်လာကြတဲ့ ခရီးသည်တွေမှာ ရောဂါပိုး ပါမပါ သိရှိနိုင်အောင် အပူချိန်တိုင်း ကိရိယာတွေနဲ့ တိုင်းတဲ့ အပြင် သူတို့ ဘယ်နိုင်ငံက လာတယ် ဆိုတဲ့ ကိုယ်ရေးရာဇဝင်ကိုလည်း စစ်ဆေးတဲ့အကြောင်း အဲဒီ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းက ဆက်ပြောပြပါတယ်။

“လေဆိပ်မှာ ဝင်လာတဲ့ခရီးသည်တိုင်းကို အပူချိန်တိုင်း ကိရိယာ နဲ့ တိုင်းပါတယ်။ ဒါကတော့ Airport arrival မှာ တိုင်းပါ တယ်။ ရောက်လာတဲ့ ခရီးသည် အကုန်လုံးကိုလည်း လေယာဉ်ပေါ်မှာကတည်းကိုက ကျမတို့ Health Declaration Form ဖြည့်ခိုင်းပါတယ်။ အဲဒီမှာ လိုချင်တဲ့ သတင်းအချက်အလက်တွေ အကုန်လုံးကို သူတို့ကို တုပ်ကွေးနဲ့ ပတ်သက်ပြီးတော့ ရှိမရှိ ရယ်။ နောက်ပြီးတော့ ဘယ်နိုင်ငံက လာသလဲ၊ ရောဂါကူးစက်ခံရတဲ့ နိုင်ငံကလာတာ ဟုတ်မဟုတ် အချက်အလက်တွေ ရယူပါတယ်။”

အရင် စင်္ကာပူက ပြန်လာတဲ့ အမျိုးသမီးငယ်လေးတုန်းကတော့ အဲဒီ အပူချိန်တိုင်းစက်တွေနဲ့ တိုင်းတာတဲ့အခါမှာ မတွေ့ရဘဲ နောက်ပိုင်း တရက် ၂ ရက်လောက်ကြာမှ ရောဂါပိုး ရှိကြောင်း တွေ့ရှိခဲ့တာနဲ့ပတ်သက်လို့လည်း သူက -

“ဒါကတော့ ရှိတယ်လေ။ ရောဂါ တိုးချိန် ဆိုတာ ရှိတယ်လေ။ ကြားအချိန်မှာတော့ မပေါ်ဘူး။ ဘာပဲဖြစ်ဖြစ် ရောဂါပိုး ဖြစ်ပြီး ၅ ရက်၊ ၆ ရက်၊ ၇ ရက်လောက်နေမှ ပေါ်လာတဲ့ လက္ခဏာတွေပေါ့။ ဒါကြောင့်ပါ။ စက်ကြောင့် မဟုတ်ပါဘူး။ အကုန်လုံး ကျမတို့ပေါ့နော်။ ဒီ နယ်စပ် ဧရိယာမှာ စောင့်ကြပ် ကြည့်ရှုနေပါတယ်။ ဒီရောဂါ နဲ့ပတ်သက်ပြီးတော့ပေါ့။”

ကျန်းမာရေးဦးစီးဌာနက လေဆိပ်တွေ၊ နယ်စပ်ဖြတ်ကျော်ဂိတ်တွေမှာ ဝက်တုပ်ကွေးရောဂါရှိမရှိ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ဆောင်နေတာက ဘယ်လောက် ကျယ်ပြန့်ပြီး ထိရောက်မှုရှိပါသလဲ။ အာဏာပိုင်တွေဘက်က ဘယ်လောက်ထိ သေသေချာချာ စစ်ဆေးမှုတွေ ပြုလုပ်နေပါသလဲ။ ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် လူထု ကျန်းမာရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာ သီဟမောင်ကတော့ -

“သူတို့ လုပ်သင့်တွေတော့ လုပ်တယ်ခင်ဗျ။ ဒါပေမယ့် တခုရှိတာက Cross Border Check Point တွေမှာ ဘယ်လောက် ထိထိရောက်ရောက် လုပ်သလဲ ဆိုတာကတော့ တိတိကျကျ ကျနော်တို့ မသိရဘူးပေါ့လေ။ ဒါပေမယ့် အခု ကူးစက်ရောဂါ တွေ ဖြစ်ရင်တော့ အများအားဖြင့်က Cross Border Point တွေမှာ ဂရုမစိုက်လို့ရှိရင် ပြဿနာ ပိုပြီးတော့ ကြီးထွားတတ် ပါတယ်။ ဆိုလိုတာကတော့ အဲဒီ Border Check Point တွေကို လေဆိပ် အဝင်အထွက်တွေမှာ လုပ်တာဟာ အထူးဂရုစိုက် ဖို့ လိုပါတယ်။”

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတင် ဒီ ဝက်တုပ်ကွေးရောဂါပိုးကြောင့် အခုချိန်ထိ သေဆုံးသူ ၁၄ ယောက်၊ ရောဂါပိုး ကူးစက်နေသူ ၃,၀၀၀ ကျော် ရှိနေပြီဖြစ်တဲ့ အကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံက ရောဂါပိုး ကူးစက်မှုနှုန်းဟာ အခုချိန်မှာ တဖြည်းဖြည်း မြန်ဆန်လာနေတယ်လို့ ဒေါက်တာ သီဟမောင်က ပြောပြပါတယ်။

ဒါကြောင့် ထိုင်းအစိုးရက လူငယ်တွေစုဝေးရာ နေရာတွေဖြစ်တဲ့ စာသင်ကျောင်း၊ ကျူရှင်နဲ့ ဗွီဒီယို ဂိမ်းစ် ကစားတဲ့ နေရာ တွေကို သီတင်း နှစ်ပတ်တိတိ ပိတ်ထားဖို့ အမိန့် ထုတ်ထားတယ်လို့ ဆိုပါတယ်။

တကယ်တော့ ကူးစက်ရောဂါတွေ ဖြစ်ပွားပြီဆိုရင် ဖြစ်တဲ့လူထုက သတင်းပို့မှသာ အာဏာပိုင်တွေအနေနဲ့ သိနိုင်တာမို့ တကယ် ရောဂါဖြစ်ပွားတဲ့ အရေအတွက်ကို သိနိုင်ဖို့က ခဲယဉ်းတယ်လို့ ဒေါက်တာ သီဟမောင်က ထောက်ပြပါတယ်။

“ကူးစက်ရောဂါတွေ ဖြစ်ပြီဆိုရင် အများသောအားဖြင့် ကျနော်တို့က တကယ့်အဖြစ်မှန် အခြေအနေကို အတိအကျ သတင်း ရဖို့ဆိုတာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီ ကူးစက်ရောဂါတွေ ဖြစ်တဲ့အခါမှာ ဆေးရုံဆေးခန်း ကျန်းမာရေးဌာနတွေကို လာပြီး သတင်းပို့တဲ့သူကိုသာလျင် ကျနော်တို့က အတည်ပြုနိုင်ပြီးတော့ အပြင်လောကမှာ တကယ့် အဖြစ်အပျက်မှန် အခြေအနေ ဟာ အတိကျ မသိနိုင်ပါဘူး။”

ဒေါက်တာ သီဟမောင် ပြောသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG