ပြီးခဲ့တဲ့သတင်းပတ်အတွင်း ရှင်ဂျန်းပြည်နယ် အူရမ်ကီ (Urumqi) မြို့တော်မှာ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွါးခဲ့ပြီး လူပေါင်းရာရှိ သေဆုံးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ဂျန်းပြည်နယ် (Xinjiang) ဝီဂါ (Uyghur Autonomous Region) ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကြီးလို့ တရုတ်အစိုးရက သတ်မှတ်ထားတဲ့ဒေသမှာ ဒေသခံတိုင်းရင်းသား အစ္စလမ်ဘာသာကိုးကွယ်သူ ဝီဂါ (Uighur) လူမျိုးနွယ်များရဲ့ အရေးအတွက် ခေါင်းဆောင်ကြိုးပမ်းပေးနေသူ အမျိုးသမီးခေါင်းဆောင် အသက် ၆၁ နှစ်အရွယ်၊ သားသမီး ၁၁ ယောက် မိခင် ရာဘီယား ခဒီရာ (Rebiya Kadeer) ကို မြန်မာနိုင်ငံမှာ သိသူအလွန်နည်းပါလိမ့်မယ်။ သူမဟာ တရုတ်နိုင်ငံမှာ ခြောက်နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတကာ ဝီဂါလူမျိုးစု ကွန်ကရတ်ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်အခြေစိုက် အဝေးရောက်နိုင်ငံရေး ခေါင်းဆောင်တဦးအဖြစ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူတဦးအဖြစ် ရဲရဲဝံ့ဝံ့ လှုပ်ရှားဆောင်ရွက်ပေးနေသူ ရာဘီယား ခဒီရာ ကို ဗွီအိုအေ မြန်မာသတင်းဌာနမှုး ဦးသန်းလွင်ထွန်း က သွားရောက်တွေ့ဆုံကာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုဘဝ အတွေ့အကြုံ နဲ့ တနည်းတဖုံ နှိုင်းယှဉ်လို့ရတဲ့ သူမရဲ့ ဘဝနဲ့ ယုံကြည်မှုတွေအကြောင်းကို မေးမြန်းတင်ပြထားပါတယ်။
"ကျမတို့ဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်ရာမှာ တူညီပါတယ်။ ကျမဟာ ကျမတို့ ဝီဂါလူမျိုးစုတွေ အခွင့်အရေးနဲ့ အကျိုးအတွက် မျှော်ကိုးလုပ်ဆောင်နေသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည်သူတရပ်လုံးရဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးအတွက် အနစ်နာခံ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။"
"တရုတ်ကွန်မြူနစ်အစိုးရဟာ ရှင်ဂျန်းပြည်နယ်အတွင်းမှာ ဟန်အနွယ်ဝင် (Han Chinese) တရုတ်အမျိုးသား လွမ်းမိုးရေးကို စနစ်တကျ ဆောင်ရွက်လုပ်ကိုင်နေတယ်။ ဒေသအတွင်း လူမျိုးဓလေ့ ပြုန်းတီးရေးအပြင် တိုင်းရင်းသားဝီဂါလူမျိုးများအပေါ် မဟုတ်မမှန် နှိမ့်ချခွဲခြားမှုတွေ ရှိနေတယ်။"
"ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်နေရာမှာဘဲရှိရှိ လူထုကို ကိုယ်စားပြုနေသူဖြစ်တာမို့ လူထုက သူကိုထောက်ခံနေကြမှာပါ။ သူဟာ လူထုနဲ့အမြဲရှိနေမယ်သူလို့ ကျမမြင်ပါတယ်။ ကျမနဲ့ နှိုင်းပြီးပြောရရင်တော့ ကျမကိုယ်တိုင်လည်း ပြည်ပမှာ ရောက်ရှိနေပေမယ့် ဝီဂါလူမျိုးစုတွေနဲ့အတူ ရှိနေမယ်လို့ ကျမခံစားရပါတယ်။ ကျမတို့လူမျိုးစုတွေအတွက်ပဲ ကျမတွေးပါတယ်။ ဒေါ်စုကို ကျမလို ပြည်ပမှာမဟုတ်ဘဲ လူထုနဲ့အတူ လွတ်မြောက်ရေး လှုပ်ရှားနေတာကို ကျမမြင်ချင်ပါတယ်။ ကျမကိုယ်တိုင် ဒေါ်စုကို ကြည်ညိုလေးစားပြီး အားတက်ခဲ့ရသူပါ။"