သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗမာစစ်အစိုးရ နဲ့ မြောက်ကိုရီးယား


လက်နက်ပစ္စည်းတင်ထားတဲ့ မြောက်ကိုရီးယား ကုန်သင်္ဘောတစီး မြန်မာပြည်ဘက်ကို ဦးတည်သွားနေတဲ့အတွက် အမေရိကန်ဖျက်သင်္ဘော USS John McCain က စောင့်ကြည့်နေတယ်ဆိုတဲ့သတင်းကို စိတ်ဝင်စားနေကြတုန်း မြောက်ကိုရီးယားအစိုးရက ဒုံးပျံ (၇) စင်း ပစ်လွှတ်စမ်းသပ်တဲ့အတွက် ဒေသဆိုင်ရာမှာ အတော်လေး ဂယက်ရိုက်သွားပါတယ်။ မြောက်ကိုရီးယားအရှေ့ဖက် ကမ်းလွန်ဒေသထဲကို လွန်ခဲ့တဲ့ စနေနေ့က ဒုံးပျံပစ်လွှတ်တာဟာ တောင်ကိုရီးယားနဲ့ ဂျပန်ကို ခြိမ်းခြောက်သလို ဖြစ်နေပါတယ်။ မေလကလည်း ကင်ဂျုံအီး (Kim Jong-il) အစိုးရဟာ အဏုမြူလက်နက် စမ်းသပ်ဖောက်ခွဲခဲ့ပါတယ်။

ဒီအတော်အတွင်း မြောက်ကိုရီးယား ကင်ဂျုံအီး အစိုးရအကူအညီနဲ့ ဗမာစစ်အစိုးရဟာ ကြပ်ပြေး နေပြည်တော်မှာ ဥမင်လှိုဏ်ခေါင်းတွေ တည်ဆောက်နေကြောင်း သတင်းဌာနအချို့က ဓါတ်ပုံနဲ့တကွ ဖော်ပြကြပါတယ်။ ဒါပေမယ့် ဓါတ်ပုံတွေကိုကြည့်ရုံနဲ့ ဥမင်လှိုဏ်ခေါင်းတွေဟာ စစ်ဘက်သုံးလား ရေအားလျှပ်စစ်အတွက်လားဆိုတာ သိနိုင်ဖို့ မလွယ်ဘူးလို့ ပေါင်းလောင်းရေအား လျှပ်စစ်က အင်ဂျင်နီယာတဦးက ပြောကြောင်း ဧရာဝတီသတင်းစာစောင်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းက မြောက်ကိုရီးယားကို သွားရောက်လေ့လာခဲ့တဲ့ အဆင့်မြင့် တပ်မတော်ကိုယ်စားလှယ်အဖွဲ့ရဲ့ (၃၇) မျက်နှာ အစီရင်ခံစာကို ကြည့်ရင် ကြပ်ပြေးနေပြည်တော်က ဥမင်လှိုဏ်ခေါင်းတွေဟာ လေကြောင်ရန်ကိုကာကွယ်ဖို့ ရည်ရွယ်တာ ထင်ရှားပါတယ်။ မြောက်ကိုရီးယား အစိုးရအကူအညီကို ဗမာစစ်အစိုးရ ရယူရာမှာ တရုတ်ကွန်မြူနစ်က ကြားပွဲစားလုပ်ပေးပါတယ်။

ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှုး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ အရာရှိ (၁၆) ဦးပါဝင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယား နဲ့ တရုတ်ပြည်က စစ်ဦးစီးချုပ်တွေရဲ့ ဖိတ်ကြားချက်အရ လွန်ခဲ့တဲ့ နိုဝင်ဘာ (၂၁) ရက်က ခုမင်နဲ့ ဘေဂျင်းကို ထွက်ခွာပြီး နိုဝင်္ဘာ (၂၂) မှာ ပြုံယမ်းကိုရောက်ရှိပါတယ်။ နိုဝင်္ဘာ (၂၉) ရက်မှာ တရုတ်ပြည်ကို ပြန်ရောက်ပါတယ်။ တရုတ်ပြည်မှာ (၂) ရက် လေ့လာပြီး ဒီဇင်္ဘာ (၂) ရက်နေ့ မြန်မာပြည်ရောက်ပါတယ်။ စစ်လေယာဉ် လုံခြုံရေးနဲ့ လေကြောင်းရန် ကာကွယ်ရေးအတွက် ဥမင်လိုဏ်ခေါင်း အသုံးပြုတဲ့စနစ်ကို လေ့လာခဲ့ကြောင်း သိရပါတယ်။

ကျွန်းစွယ်စစ်ပွဲ ပြီးဆုံးကတည်း အမေရိကန်ကို ကြောက်လန့်နေတဲ့ မြောက်ကိုရီးယားအစိုးရဟာ မြေအောက်မှာ ကျင်းတူးပြီး စစ်ဌာနချုပ် လုပ်ထားတာ အနှစ် (၄၀) နီးပါးရှိနေပါပြီ။ ဆိုဗိယက်ရုရှားလုပ် MiG (၁၉) နဲ့ MiG (၂၁) တိုက်လေယာဉ်တွေ ဥမင်လိုဏ်ခေါင်းထဲမှာထားပုံကို လေ့လာပါတယ်။ ဥမင်လိုဏ်ခေါင်းထဲမှာ စစ်လေယာဉ်ထားတာဟာ ငွေကြေးကုန်ကျများပေမယ့် လုံခြုံ မစိတ်ချရဆုံးလို့ ဆိုပါတယ်။ လေကြောင်းရန် ကာကွယ်ရေးမှာ အလွန်အရေးကြီးတဲ့ ရေဒါစနစ်ကိုလည်း မြောက်ကိုရီးယားက မြေအောက်မှာပဲ ထားပါတယ်။ လိုအပ်တဲ့အခါမှာ မြေအောက်က ရေဒါစနစ်ကို မြေပေါ်ကို မြှင့်တင်ပေးတဲ့ စနစ်ပါပဲ။ ရေဒါစခန်းနဲ့အတူ Igla ဒုံးကျည် Scud ဒုံးကျည်တွေ ရှိပါတယ်။ လေကြောင်းရန် ကာကွယ်ရေးကို ဗမာကိုယ်စားလှယ်တွေ အထူးလေ့လာတာတွေ့ရပါတယ်။ လေယာဉ်ပစ် လက်နက်အတွက် ကျည်ဖူးစက်ရုံ မြေအောက်မှာ ထားတာကိုလည်း တွေ့ရပါတယ်။

လေယာဉ်၊ စစ်သင်္ဘောနဲ့ ထိန်းချုပ်ရေးဌာနတွေထားရှိမယ့် ဥမင်လှိုဏ်ခေါင်းတွေ ဆောက်လုပ်ရာမှာ ဗမာနဲ့ မြောက်ကိုရီးယား စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူပါတယ်။ စစ်ဘက်ရေးရာ လုံခြုံရေး၊ လေကြောင်းရန် ကာကွယ်ရေး၊ ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေး၊ ကိုရီးယား ဘာသာစကားသင်ကြားရေး၊ အထူးတပ်ဖွဲ့ လေ့ကျင့်ရေး စတာတွေကို ဦးစားပေးဖို့ ဗမာကိုယ်စားလှယ်အဖွဲ့က တင်ပြထားတာတွေ့ရပါတယ်။ ပြုံယမ် (Pyongyang) အနီးက အထူးတပ်ဖွဲ့ကို ဗမာအဖွဲ့ သွားရောက်လေ့လာပြီး သဘောကျသွားတာ ဖြစ်ပုံရပါတယ်။ ဒါး၊ တူး၊ ခရင်း၊ ပုဆိန်၊ ရဲဒင်း၊ ပေါက်ချွန်း စတာတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြီး တိုက်ခိုက်တဲ့နည်း ဖြစ်ပါတယ်။

သေနတ်ကိုမသုံးဘဲ အကြမ်းဖက်တိုက်ခိုက်တဲ့ အထူးတပ်ဖွဲ့ဖြစ်တာမို့ ဗမာအဖွဲ့က အတုယူပြီး တည်ထောင်ချင်တာ ဖြစ်ပုံရပါတယ်။ ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်ရာမှာ ဒီလို အထူးတပ်ဖွဲ့မျိုးဟာ အလွန်အသုံးဝင်လိမ့်မယ်လို့ ဗမာအဖွဲ့က ယူဆဟန်တူပါတယ်။

ရန်သူက ပစ်မှတ်အဖြစ် သတ်မှတ်နိုင်တဲ့ အရေးကြီးတဲ့ စစ်ဌာနတွေအားလုံး ဥမင်လှိုဏ်ခေါင်းထဲထာရှိနိုင်ဖို့အတွက် တဖြည်းဖြည်း တဆင့်ပြီးတဆင့် စီမံကိန်းချပြီး ဆောင်ရွက်ရမယ်လို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ အဖွဲ့က အထက်ကို တင်ပြထားပါတယ်။ အံ့သြဖို့ကောင်းတာကတော့ ဥမင်လှိုဏ်ခေါင်း စစ်ဆေးရေးကို လေ့လာရင်း ပြုံယမ်းမြို့တော် မြေအောက်ရထားစနစ်ကို (၁) နာရီလေ့လာပြီး မြန်မာပြည်မှာလည်း မြေအောက်ရထား တည်ဆောက်ဖို့ သုံးသပ်တင်ပြထားတာပဲ ဖြစ်ပါတယ်။

လက်ရှိ စက်ယန္တယားနဲ့ အတတ်ပညာနဲ့ဆိုရင် မြေအောက်ရထားတည်ဆောက်ဖို့ အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပထမအဆင့်အနေနဲ့ နိုင်ငံခြားပညာရှင်တွေကို ခေါ်ယူပြီး ဗမာစစ်ဗိုလ် စစ်သားတွေကို မြေအောက်ရထားလမ်း တည်ဆောက်နည်း သင်တန်းပေးသင့်တယ်လို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်တဲ့ ဗမာကိုယ်စားလှယ်အဖွဲ့က အကြံပေးထားကြောင်းပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG