သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှင်ဂျန်းမူစလင်များ အိမ်အပြင် မထွက်ရဲ


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သွေးမြေကျခဲ့ရတဲ့ အထိ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ အနောက်မြောက် ပိုင်း ရှင်ဂျန်း ပြည်နယ်ရဲ့ မြို့တော် အူရုမ်းရှီး (Urumqi) မှာ ဝတ်စုံပြည့် လုံထိန်းရဲတွေ အပြည့်တင်ဆောင်ထားတဲ့ ထရပ်ကားတွေနဲ့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားတာကြောင့် ဒေသခံ ဝီဂါ မူစလင်တွေ အပြင်မထွက်ရဲဘဲ ဖြစ်နေ ပါတယ်။

တချို့ကတော့ သေဆုံးသွားတဲ့ သူတို့ရဲ့ ဆွေးမျိုးသားချင်းတွေ အတွက် ဝမ်းနည်းပူဆွေးနေကြသလို၊ တချို့က ပျောက်ဆုံး နေတဲ့ ဆွေးမျိုးတွေကို လိုက်ရှာနေကြပါတယ်။ ရှင်ဂျန်းက ဝီဂါမူဆလင်နဲ့ ဟန် တရုတ်လူမျိုးတို့ အကြား အဓိကရုဏ်းမှာ သေဆုံးသူဦးရေ ၁၅၇ ဦးကနေ ၁၈၄ ဦး ရှိခဲ့တယ်လို့ တရုတ်အစိုးရက တရားဝင် ကြေညာခဲ့ပြီးနောက် မနေ့က မြို့တော် အူရုမ်းရှီး မှာ လုံခြုံရေးတွေ အလုံးအရင်း နဲ့ အထပ်ထပ် ချထားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူအားလုံး ၁၈၄ ဦးထဲက ၁၃၇ ဦးဟာ ဟန်တရုတ်လူမျိုးတွေဖြစ်ပြီး၊ ကျန်တာကသာ ဝီဂါ မူစလင်တွေ ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ အူရုမ်းရှီး မြို့တော်က လမ်းမတွေပေါ်က ဝီဂါတွေနဲ့ အဝေးရောက် ဝီဂါ အရေး လှုပ်ရှားသူ တွေ ကတော့ တရုတ်အစိုးရရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး စောဒက တက်နေကြပါတယ်။ တရုတ်အစိုးရပြောတာထက် ဝီဂါမူစလင်တွေ အများကြီး သေဆုံးခဲ့တယ်လို့ သူတို့က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇူလိုင်လ ၅ ရက်မှာ ဝီဂါ မူစလင်တွေက ဟန်တရုတ်လူမျိုးတွေကို အရင် ရန်စတာကြောင့် ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ နှစ်ရက်အကြာမှာ ဟန်တရုတ်လူမျိုးတွေက ဝီဂါတွေကို ပြန် ကလဲ့စားချေခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG