သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကျောက်စိမ်း ကူမင်းအာဆီယံ ကျောက်မျက်ပြပွဲမှာ ရောင်းကောင်း


တရုတ်နိုင်ငံမှာ ပြုလုပ်နေတဲ့ အာဆီယံ ၁၀ နိုင်ငံ ကျောက်မျက်ရတနာပြပွဲမှာ ကျောက်စိမ်းအပါအဝင် မြန်မာ့ ကျောက်မျက် ရတနာ တော်တော်များများက လွှမ်းမိုးထားတော့ အနောက်နိုင်ငံတွေရဲ့ မြန်မာစစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှု တွေက ဘယ်လောက်ထိ ထိရောက်နိုင်ပါမလဲ၊ ဒီကျောက်မျက်ရတနာပြပွဲမှာ ပါဝင်တဲ့ မြန်မာကုန်သည်တချို့ကလည်း မြန်မာပြည်က ထွက်တဲ့ ကျောက်စိမ်းတွေကို အဓိက ဝယ်ယူအားပေးတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အကြောင်းစုံ သိရ အောင် မနန္ဒာချမ်း က တင်ပြထားပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ပြုလုပ်နေတဲ့ အာဆီယံ ၁၀ နိုင်ငံ ကျောက်မျက်ရတနာ ကုန်စည်ပြပွဲကို မြန်မာ စစ်အစိုးရခေါင်းဆောင် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ က ဦးဆောင် ပြီးတော့ လာကြတဲ့ ဒီကျောက်မျက်လုပ်ငန်းရှင်တွေ ပါဝင်သလို တရုတ်ပြည် ရွှေလီနယ်စပ် က မြန်မာ ကျောက်မျက်ရတနာ ကုန်သည်အသင်းကလဲ ဒီပွဲမှာ ပထမဆုံးအကြိမ် ဝင်ရောက် ပြသ ရောင်းချခွင့် ရခဲ့တာပါ။ ဒါကြောင့် တခြား တရုတ်နိုင်ငံ အပါအဝင် အာဆီယံ ၁၀ နိုင်ငံကလည်း သူတို့နိုင်ငံထွက် ကျောက်တွေကို ပြသထားပေမဲ့ မြန်မာပြည်က ထွက်တဲ့ ကျောက်စိမ်းကသာ ဒီပွဲကို လွှမ်းမိုးထားတယ်လို့ ရွှေလီမြန်မာကျောက်မျက်ရတနာ ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးဘုန်းကျော် ကနေ ဗွီအိုအေ ကို ပြောပြပါတယ်။

“’ဒီမှာ ရောက်နေတာက ဗမာနိုင်ငံနဲ့ သီရိလင်္ကာပါတယ်။ နီပေါလ်နိုင်ငံ၊ ထိုင်း၊ စင်္ကာပူပါတယ်။ ဒါပဲ တွေ့လိုက်တယ်။ အဲဒီနိုင်ငံတွေကလည်း ကျောက်စိမ်းရယ်လို့ သူတို့မှာ မရှိဘူး။ သီရိလင်္ကာက ထွက်တဲ့ အနီအပြာလေးတွေ ရှိတယ်။ မြန်မာနိုင်ငံက ထွက်တာ စလင်း၊ ထပ်တရာ ဒါမျိုးပေါ့။ အဲဒါလေးတွေ ခင်းကျင်းပြီး ပြထားတာတွေ့တယ်။ ဒီပြပွဲမှာ မြန်မာနိုင်ငံက ကျောက်စိမ်းကို အချောပေါ့နော။ အနီအပြာ ကျောက်မျိုးပေါင်းစုံပါတယ်။ အဲဒီအောက်မှာ လက်ကောက် ရှိတယ်။ ဆွဲပြားရှိတယ်။ အသွေးရှိတယ်။ ဖြတ်သား ရှိတယ်။ ၆၀ရာခိုင်နှုန်းက လုပ်ပြီးသား၊ ၄၀ရာခိုင်နှုန်းက ခဲပေါ့နော။ ကျောက်စိမ်း အရိုင်းခဲတွေပေါ့။”

ဒါကြောင့်လည်း ဒီပြပွဲအတွင်း မြန်မာ့ကျောက်မျက်ရတနာတွေ ရောင်းချမှုဟာ အတော်လေး အောင်မြင်နေပြီး ပြပွဲမှာ လာဝယ်တဲ့သူ အများစုဟာ တရုတ်နိုင်ငံသားတွေဖြစ်သလို - အနောက်နိုင်ငံသား တချို့ကိုလည်း တွေ့ရတယ်လို့ ဦးဘုန်းကျော် က ပြောပါတယ်။

“မဆိုးဘူးဗျ။ ဒီနှစ်ကျတော့ ရွှေလီက လာတဲ့ ကုန်သည်၊ မြန်မာနိုင်ငံကလာတဲ့ ကုန်သည်ဟာ ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၈၀လောက် အောင်မြင်တယ်။ အရောင်းအဝယ်အနေအထားပေါ့။ ကျွန်တော်တွေ့ရတာကတော့ တရုတ်ကုန်သည် အနေအထားပေါ့၊ အဓိက တွေ့ရတာပေါ့။ သြစတေးလျက လူဖြူအနည်းအကျင်းတော့ တွေ့ရတယ်။ သူတို့ကလည်း ကုန်သည်တွေ မဟုတ်ပါဘူး။ ခရီးသွားလာရင်း ဝင်လာတာတွေ့ရတယ်လေ။ အဓိက တရုတ်ပြည်၊ ထိုင်ဝမ်၊ ဟောင်ကောင် တို့ကနေ လာတဲ့ ကုန်သည်တွေက လာပြီး ဝယ်နေတာကို တွေ့ရတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ ဖြစ်ပွားခဲ့တဲ့ သံဃာလှုပ်ရှားမှုကို စစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာ ရဟန်းသံဃာတော်တွေအပါအဝင် - ကျောင်းသားပြည်သူတွေကို ဖမ်းဆီးထောင်ချခဲ့တာတွေကြောင့် အီးယူ ဥရောပ သမဂ္ဂအပါအဝင် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံအုပ်စုတော်တော်များများက စစ်အစိုးရကို စီးပွားရေး အရ ဒဏ်ခတ် အရေးယူတာတွေလုပ်ခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မျက်ရတနာတွေကို မဝယ်ယူ ရေးလည်း ပါဝင်နေပါ တယ်။ ဒါပေမဲ့လို့ အခုလို တရုတ်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေကနေ မြန်မာ့ ကျောက်မျက် ရတနာတွေကို ဝယ်ယူသုံးစွဲနေတာ ကြောင့် ကျောက်မျက်ရတနာ မဝယ်ယူရေးနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ စစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်မှုဟာ ဘယ်လောက်ထိ ထိရောက်နိုင်မလဲ ဆိုတဲ့အပေါ် ရွှေလီမြန်မာ ကျောက်မျက် ရတနာ ကုန်သည်ကြီးများအသင်းဥက္ကဌ ဦးဘုန်းကျော် က

“ကျွန်တော်တို့ ဈေးကွက်မှာ အနောက်နိုင်ငံတွေ ကြိုက်တာက အနီအပြာ၊ ပတ္တမြားတွေ၊ စိန် စတာတွေ ဟုတ်တယ် မဟုတ်လား။ တရုတ်ပြည်ဈေးကွက်မှာ ကျောက်စိမ်း ဖြစ်နေတာဆိုတော့ အနောက်နိုင်ငံတွေ ပိတ်ထားတဲ့ ကိစ္စနဲ့ ဆန့်ကျင် တယ်၊ ကင်းတယ်လို့ ထင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျောက်စိမ်း ဈေးကွက်က ဥရောပနိုင်ငံတွေ၊ အနောက်နိုင်ငံ တွေမှာ မရှိဘူး။ ကျောက်စိမ်းဈေးကွက်က တရုတ်ပြည်မှာပဲ ရှိတာကိုး။ အဲဒါကြောင့် ဒီကိစ္စ သိပ်ထိရောက်မယ်လို့ ကျွန်တော် မထင်ဘူး ခင်ဗျ။ ”

ရွှေလီမြန်မာကျောက်မျက်ရတနာ ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးဘုန်းကျော် ဖြစ်ပါတယ်။ တခါ - တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇော ကလည်း

“ကျွန်တော့်အမြင်က လုံး၀ ဘာမှ မလုပ်ထားဘဲနဲ့ စာရင် လောလောဆယ် ဥရောပက လုပ်ထားတဲ့ ကျောက်စိမ်း တားမြစ်မှုက ကောင်းတာပေါ့။ တစုံတရာ ထိရောက်မှု ရှိပါတယ်။ ပြဿနာရဲ့ အဓိက က အာဆီယံ ထက်ဆိုးတာ တရုတ်နိုင်ငံဖြစ်တယ်။ ကျောက်စိမ်းတားမြစ်မှုက အောင်မြင်သင့်သလောက် မအောင်မြင်ဘူးဖြစ်တဲ့ ပြဿနာမှာ အဓိက က တရုတ်ပြည်ပဲ။ သူတို့က လက်မှု ပညာလည်း ထူးချွန်တာပဲ။ ကျောက်စိမ်း အရိုင်းတုံးကြီးတွေ ဝယ်လာတယ်။ တချို့ဆို ၁၅တန် ၁၆တန်လောက် ရှိတယ်။ အကြီးကြီးပဲကို ပုံအမျိုးမျိုး ချယ်ထားတဲ့ ကျောက်စိမ်းတွေ ထုတယ်။ တချို့ဆို သိန်းသောင်းဂဏန်းတော် ကပ်တဲ့ဟာတွေက လက်ကောက်တစုံထဲကို ဗမာငွေ သိန်း ၃ထောင်ကျော် ရှိတယ်။ အဲဒါကို တရုတ် အချောလုပ်ထားတာ။ မြန်မာပြည်က ထွက်တဲ့ ကျောက်စိမ်းကို လုပ်ထားတာ။ အဲဒါတွေကို ဘယ်လိုမှ တားမြစ်လို့ မရဘူးလေ။ မစ္စတာ ဘွတ်ရှ်ရဲ့ Jade Lawက ဘာမှာ ထိရောက်မှု မရှိဘူး။ ”

ဒါကတော့ လက်ရှိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ၁၀ နိုင်ငံ ကျောက်မျက်ရတနာပြပွဲမှာ ကျောက်စိမ်းအပါအဝင် မြန်မာ့ကျောက်မျက်ရတနာ တော်တော်များများ က လွှမ်းမိုးထားတဲ့အတွက် အနောက်နိုင်ငံတွေရဲ့ စစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်မှုတွေဟာ ထင်သလောက် မအောင်မြင်တဲ့အပေါ် ပြောဆိုသွားတာဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG