သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထွေထွေ ရွေးကောက်ပွဲ ကျင်းပရက် ဂျပန်ဝန်ကြီးချုပ် ကြေညာ


ဂျပန်ဝန်ကြီးချုပ် တာရို အာဇို (Taro Aso) က နောက်သီတင်းပတ်အတွင်း အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး သြဂုတ်လ ၁၀ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုလိုက်ပါတယ်။ တိုကျိုမြို့တော်က ရွေးကောက်ပွဲမှာ မစ္စတာအာဇိုရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (Liberal Democratic Party) က အဓိက ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့အပြီး တရက်အကြာမှာ အခုလို သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ အကြောင်းစုံကို တိုကျိုမြို့က ဗွီအိုအေသတင်းထောက် အာကီကို ဖူဂျီတာ (Akiko Fujita) သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး ဒေသခံ ရွေးကောက်ပွဲကြီးက ထွက်ပေါ်လာတဲ့ နောက်ဆုံး အနိုင်အရှုံး စာရင်းတွေကြောင့် အခုလို ဂျပန်နိုင်ငံရေး လောကမှာ အကြိတ်အနယ် အခြေအနေ စတင်ခဲ့တာပါ။ ဂျပန်ရဲ့ အတိုက်အခံ ဒီမိုကရက်ပါတီ (DPJ) က တိုကျိုမြို့တော်တွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၄ နေရာနဲ့ အပြတ်အသတ် အနိုင်ရရှိလိုက်တာပါ။ အာဏာရ LDP လစ်ဘရယ် ဒီမိုကရက်ပါတီကတော့ ၃၈ နေရာ အနိုင်ရပြီး ၁၀ နေရာ လက်လွတ် ဆုံးရှုံးသွားပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကြောင့် တိုကျိုရဲ့ LDP ပါတီဥက္ကဋ္ဌ နိုဘူတီရူ အီရှိဟရ (Nobuteru Ishihara) က အခြေအနေ သိပ်မဟန်ကြောင်း ပြောခဲ့ပါတယ်။

သူ့ပါတီရဲ့ ကိုယ်စားလှယ် အများစုဟာ လူထုရဲ့ ယုံကြည်မှုကို လက်လွတ် ဆုံးရှုံးခဲ့ရတယ်၊ ဒါဟာ အထွေထွေ ရွေးကောက်ပွဲကြီးမှာ အတော်လေး ဂယက်ရိုက်နိုင်တယ်လို့ အီရှိဟရက ပြောသွားပါတယ်။

အခုလို အခြေအနေမလှတဲ့ ဖြစ်ရပ်ကြောင့် အောက်လွှတ်တော်ကို ဖျက်ပြီး အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးဖို့ ဝန်ကြီးချုပ် အာဇိုအပေါ် ဖိအားတိုးပေးရာ ရောက်စေခဲ့ပါတယ်။

ယူကီအို ဟတိုယမ (Yukio Hatoyama) ကတော့ ဂျပန်ရဲ့ DPJ ဒီမိုကရက်ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို မြန်မြန်ထက်ထက် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့နဲ့ မဲဆန္ဒရှင်တိုင်းရဲ့ အသံကို နားစွင့်ဖို့လည်း ဟတိုယမက ဝန်ကြီးချုပ် အာဇိုကို တိုက်တွန်းသွားပါတယ်။

ဒီနောက် နာရီအနည်းငယ် အကြာမှာပဲ ဝန်ကြီးချုပ်က သြဂုတ်လ ၃၀ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်ဖို့ တလကျော်ပဲ အချိန်ကျန်ပါတော့တယ်။ ဒါပေမယ့် အာဏာရ LDP ပါတီရဲ့ ရှေ့ရေးကတော့ ရင်လေးစရာပါ။ ဂျပန် ထိပ်တန်း သတင်းစာကြီးတွေရဲ့ နောက်ဆုံးကောက်ခံတဲ့ စစ်တမ်းတွေအရတော့ အများစုက အတိုက်အခံ DPJ အင်အားစု ဦးဆောင်တဲ့ အစိုးရကို ထောက်ခံကြတာ တွေ့ရပြီး မစ္စတာအာဇိုအပေါ် ထောက်ခံမှု ကျဆင်းသွားပါတယ်။ သူ့ပါတီတွင်း တချို့က သူ့ကို မနှစ်သက်ကြတဲ့အတွက်လည်း သြဂုတ်လ ရွေးကောက်ပွဲ မတိုင်မီ သူ့ကို ပါတီခေါင်းဆောင်အဖြစ်က ဖြုတ်ပစ်ကြဖို့ လိုလားကြတာလည်း ရှိပါတယ်။

အထွေထွေ ရွေးကောက်ပွဲကြီးမှာ အာဏာရ LDP သာ ဆုံးရှုံးခဲ့ရင် ဒါဟာ ဂျပန်နိုင်ငံရေးမှာ နှစ် ၅၀ ကျော်ကြာ LDP ရဲ့ ကြီးစိုးမှုကို အဆုံးသတ်စေမှာလည်း ဖြစ်ပါတယ်။ ချွိုင်တက္ကသိုလ် (Chuo University) က ပါမောက္ခ စတီဖင် ရိဒ် (Professor Stephen Reed) ကတော့ အတိုက်အခံ DPJ ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက်စာရင် အခု အင်အားပိုကောင်းလာတယ်လို့ ဆိုပါတယ်။

“သူတို့က ဒီလိုလုပ်ဖို့ ၁၉၉၆ ခုကတည်းက စဉ်းစားလာခဲ့ကြတာပါ။ သူတို့ဘာလုပ်ကြမလဲ ဆိုတာကိုလည်း သူတို့အချင်းချင်းကြား စကားပြောဆို ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ သူတို့က အတော်လေးကို မျှော်မှန်းချက် ကြီးကြတာပါ။”

အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေနဲ့ စီးပွားရေး ကျဆင်းမှုကြောင့် အာဏာရ LDP ပါတီအပေါ် လူကြိုက်များမှုကတော့ လျော့ကျလာပါတယ်။ မစ္စတာအာဇိုဟာ သက္ကရာဇ် ၂၀၀၆ ခုနောက်ပိုင်း တတိယမြောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ပဲ ဖြစ်ပါတယ်။ အဲဒီဝန်ကြီးချုပ်တွေအနက် ဝန်ကြီးချုပ် တဦးတလေမှ တနှစ်ကျော်အထိ သူတို့ရာထူးမှာ တာဝန်ထမ်းဆောင်ခဲ့တာ မတွေ့ရပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG