သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မတိုင်ခင် အကျဉ်းသားများ လွှတ်ပေးမည်


မြန်မာနိုင်ငံရဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ အဖမ်းဆီးခံနေရတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့အတွက် ပြင်ဆင်နေတယ်လို့ မြန်မာစစ်အစိုးရက ပြောလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မနေ့က တနင်္လာနေ့မှာ လုံခြုံရေးကောင်စီမှာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေ ပြောသွားတာတွေနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာဖို့အတွက် ကနဦးအဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အပြင်းအထန် တောင်းဆိုနေကြတာပါ။ မြန်မာစစ်အစိုးရဘက်က အခုလို အကျဉ်းသားတွေကို လွှတ်ပေးဖို့ ပြင်ဆင်တာဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ တောင်းဆိုချက်အရ ဖြစ်ပြီးတော့ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးနိုင်ဖို့အတွက် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာစစ်အစိုးရ သံအမတ်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတွေကို မနေ့က တနင်္လာနေ့မှာ အခုလို ပြောကြားလိုက်ပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ တောင်းဆိုချက်အရ မြန်မာအစိုးရဟာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ အကျဉ်းသားတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်ပေးဖို့ လုပ်နေပါတယ်။”

ဒါပေမယ့် လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့တာမှာ အကျဉ်းသား ဘယ်လောက်ကို ပြန်လွှတ်မယ်၊ ဘယ်တော့ပြန်လွှတ်မယ် ဆိုတာကို မြန်မာသံအမတ် ဦးသန်းဆွေက ထည့်သွင်း ပြောကြားသွားခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် ဘယ်လိုအကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုတာလည်း ပြောမသွားခဲ့ပါဘူး။ အရင်တုန်းက လွှတ်ပေးခဲ့တဲ့အထဲမှာ အများစုက ရာဇဝတ်အကျဉ်းသားတွေဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲ ပါဝင်ပါတယ်။ ဒါ့အပြင် ပြန်လွှတ်ပေးမယ့် အကျဉ်းသားတွေထဲမှာ နေအိမ်အကျယ်ချုပ် ချထားတာကို ချိုးဖောက်တယ်ဆိုပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးခံနေရပြီး တရားစွဲဆိုခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါမယ်၊ မပါဘူး ဆိုတာကိုလည်း ထည့်သွင်းပြောဆိုသွားခြင်း မရှိပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ မြန်မာစစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာ့နိုင်ငံရေး နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ အခုချိန်မှာ အစိုးရရဲ့ ထိပ်ဆုံးက ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စရပ် ၂ ခုကို မစ္စတာဘန်ကီမွန်းကို ရှင်းပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကြီး ဦးသန်းဆွေက အခုလို ပြောကြားခဲ့ပါတယ်။

“၂၀၁၀ အထွေထွေရွေးကောက်ပွဲ ပြီးသွားရင် အရပ်သားအစိုးရကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားဖို့နဲ့ အနာဂတ်မှာ လူမှုရေးနဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာဖို့ ခိုင်မာကောင်းမွန်တဲ့ အုတ်မြစ်ချသွားဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတပြီး အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ အာမခံခဲ့ပြီးတော့ မြန်မာနိုင်ငံသားတိုင်း ပါဝင်နိုင်အောင် စီစဉ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။”

ဒါ့အပြင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ ပေးဖို့ ကမ်းလှမ်းခဲ့တာနဲ့ ပတ်သက်ပြီးတော့ တကယ်လို့ မြန်မာအစိုးရအနေနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်မယ်ဆိုရင် ကုလသမဂ္ဂရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီးတော့ ကုလသမဂ္ဂနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို ပြောကြားခဲ့ပါတယ်။

မြန်မာစစ်အစိုးရက နိုင်ငံရေးအကျပ်အတည်း ဖြစ်ပေါ်လာတဲ့ အချိန်တိုင်းမှာ အကျဉ်းသားတွေကို လွှတ်ပေးခဲ့တဲ့ ထုံးစံတွေ အရင်တုန်းက ရှိခဲ့ဖူးပါတယ်။ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာတာကြောင့် အားလုံးပါဝင်နိုင်ဖို့အတွက် ဆိုပြီး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ လုပ်နေတာအပြင် ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတပြီး အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်သွားမယ်လို့လည်း ပြောနေပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေက ကြေညာခဲ့ပေမယ့်လည်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပြီး မဲဆန္ဒနယ် ၈၀% ကျော် အနိုင်ရရှိခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ တခြား အရပ်သား လွှတ်တော်ကိုယ်စားလှယ်တွေကို အာဏာလွှဲပြောင်းပေးအပ်ခြင်း မရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG