ကမ္ဘာ့ကူးစက်ကပ်ရောဂါ ဖြစ်နေတဲ့ H1N1 အမျိုးအစား ဝက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားမှုကို တားဆီးလို့ မရနိုင်တော့ဘဲ နိုင်ငံတိုင်း မှာ ရောဂါကာကွယ်ဆေးတွေ လိုအပ်နေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထိပ်တန်း တာဝန်ရှိသူ တယောက်က ပြောကြားလိုက်ပါတယ်။
ရောဂါကူးစက်ပြန့်ပွားချိန်မှာ ကျန်းမာရေး စောင့်ရှောက်မှုပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ အရင် ကာကွယ်ဆေး ထိုးထားသင့်တယ်လို့ WHO ကာကွယ်ဆေး သုတေသနဌာန အကြီးအကဲက ပြောလိုက်ပါတယ်။
ဘယ်သူ့ကို ကာကွယ်ဆေး ထိုးပေးရမလဲဆိုတာကို သက်ဆိုင်သူတွေက ဆုံးဖြတ်ပေးရမယ်လို့လည်း သူက ပြောပါတယ်။ ဝက်တုပ်ကွေးဖြစ်ပွားမှု အများစုဟာ ရောဂါမပြင်းထန်သလို လူနာတွေအနေနဲ့ ဆေးရုံသွားစရာ မလိုပါဘူး။ ဒါပေမဲ့ တချို့ အခြေအနေတွေမှာ ဗိုင်းရပ်စ်ပိုးဟာ ပြင်းထန်လာနိုင်ပါတယ်။
ရင်ကျပ်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်တွေလိုမျိုး ကျန်းမာရေး အတိမ်းအစောင်း မခံနိုင်တဲ့သူမျိုးမှာ ကူးစက်ရင်တော့ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အဝလွန်တဲ့သူတွေမှာ ကူးစက်ရင် ပိုပြီး စိုးရိမ်စရာ အခြေအနေ ရှိတယ်လို့ သုတေသနတွေက တွေ့ရှိပါတယ်။