ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေ က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံခဲ့စဉ် မေတ္တာရပ်ခံခဲ့တဲ့အတိုင်း လူသားချင်း စာနာမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေ အရ မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ စီစဉ်နေတယ်လို့ ထွက်ဆို သွားပါတယ်။ အတွင်းရေးမှူးချုပ် အနေနဲ့ ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံခဲ့တာက အင်းစိန်ထောင်တွင်း အဖမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရ ကိုယ်စားလှယ်က နိုင်ငံရေးအကျဉ်းသားလို့ တိတိကျကျ ထည့်သွင်း ပြောကြား ခဲ့ခြင်း မရှိတဲ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(Amnesty International) တို့က သံသယ နဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက်ဝိုင်းတော်သား ကိုကျော်ကျော်သိန်း က အစီရင်ခံထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပေမယ့် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ် ပြောသွားတဲ့ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် နာမည်မပါသလို နိုင်ငံရေးအကျဉ်းသားရယ်လို့ တိတိကျကျ ပြောသွားတာမဟုတ်ဘဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ တောင်းဆိုချက်အရ လူသားချင်း စာနာထောက်ထား တဲ့အနေနဲ့ အကျဉ်းသားတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်ပေးဖို့ လုပ်နေပါတယ်လို့ ပြောခဲ့ပါတယ်။ ဒီအပြောအပေါ် NLD ကတော့ သံသယနဲ့ ရှုမြင်ပါတယ်။
“ကျနော် သိရှိရမျှ သတင်းအရဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မစ္စတာ ဘန်ကီမွန်းက အဆိုပြုထားတယ်။ အခု မြန်မာသံအမတ်ကြီး ဖြေတာက အကျဉ်းသားလို့ပဲ ပြောတယ်။ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ အဓိပ္ပာယ်မျိုး မရောက် အောင်။ အဲဒီတော့ မစ္စတာ ဘန်ကီမွန်း တိုက်တွန်းနှိုးဆော်ထားတာကို ဖြေတဲ့အဖြေ မဟုတ်ဘူးလို့ ကျနော် အဲဒီလို မြင်ပါ တယ်။ လိုက်လျောတဲ့ အနေနဲ့ လုပ်တာလို့ ကျနော်တို့တော့ မမြင်ဘူးခင်ဗျ။”
မြန်မာအာဏာပိုင်တွေဟာ အရင်ကလည်း အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုပြီး တကယ်တမ်းကျတော့ လွှတ်ပေးခဲ့ဖူးတဲ့ အကျဉ်းသား ၁၅,၀၀၀ ပတ်ဝန်းကျင်မှာ နိုင်ငံရေး အကျဉ်းသားက ၃၅ ယောက်လောက်ပဲ ပါထားဖူးတာမို့ ဒီတကြိမ် လွှတ်မယ် ဆိုတာကိုလည်း သံသယနဲ့မြင်မိတယ်လို့ ပြောလာသူက အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ သုတေသနမှူး Benjamin Zawacki ပါ။
“အကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုပြီး အစိုးရကပြောလာတဲ့အခါ ကျနော်တို့က သံသယနဲ့ မြင်တာကိုတော့ နားလည်နိုင် ရမှာပဲ။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံရေး အကျဉ်းသားတယောက်ပဲ လွတ်လာတာမျိုးကိုတောင် ကျနော်တို့ ကြိုဆိုမှာ ဖြစ်ပေမဲ့ အဆုံးတနေ့မှာ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော် ဆက်ရှိနေဦးမှာပါ။ သူတို့အားလုံး လွတ်မလာသေးသရွေ့ တော့ လုပ်သင့်တာ လုပ်ပြီးသွားပြီလို့ မပြောနိုင်ပါဘူး။”
ကိုယ်တိုင်က ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရသူတဦးဖြစ်ပြီး တခြားအကျဉ်းသား ၉,၀၀၀ နီးပါးနဲ့အတူ ပြန်လွှတ်ပေးတာ ခံခဲ့ရ တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း လွှတ်တယ်ဆိုရင်တောင် အရောရောအနှောနှော လွှတ်လိမ့်မယ်လို့ ယူဆပါ တယ်။
“ကျနော့်အထင်ကတော့ နိုင်ငံရေး အကျဉ်းသားတွေကို တော်တော်များများ လွှတ်လိမ့်မယ်လို့ မထင်ဘူး။ သူတို့စကားထဲမှာ လည်း နိုင်ငံရေးအကျဉ်းသားလို့မှ ထည့်မပြောဘဲကိုး။ ဘန်ကီမွန်း တောင်းတာက နိုင်ငံရေး အကျဉ်းသားလို့ပြောတာ။ အဲဒီ တော့ ကျနော် ထင်တယ် သူတို့ ခါတိုင်း လွှတ်သလိုပဲ ရေ ရောလွှတ်မှာပေါ့ဗျာ။ နွားနို့ ရေရောသလိုပေါ့။ နိုင်ငံရေးသမား အကျဉ်းသား နည်းနည်းနဲ့ တခြား အကျဉ်းသား များများပေါ့။”
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဦးဝင်းတင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၉ ဦးတို့ကို တခြား ရာဇဝတ် အကျဉ်းသား ၉,၀၀၀ နီးပါးနဲ့အတူ ရောပြီးလွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာသံအမတ် ပြောသလို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့ လွှွတ်ပေးတယ်ဆိုတာမျိုးကိုလည်း ဦးဝင်းတင်က လက်မခံပါဘူး။ နိုင်ငံရေး အကျဉ်းသားလွှွတ်ရေးဟာ ရွေးကောက်ပွဲကိစ္စတခုတည်းနဲ့ သက်ဆိုင်နေတာ မဟုတ်ဘဲ တွေ့ဆုံဆွေးနွေး ရေးအပါအဝင် မြန်မာ့နိုင်ငံရေး ပြဿနာအများအပြားနဲ့ ချိတ်ဆက်နေတယ်လို့ ဦးဝင်းတင်က သတ်မှတ်ပါတယ်။ အခု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောခဲ့တဲ့စကားကို ယုံကြည်လက်ခံနိုင်ဖို့ဆိုရင် တကယ်ဖြစ်ရမယ့်အချက် သုံးချက်ရှိတယ်လို့ ဦးဝင်းတင်ကပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ရမယ်။ ဒါက တစ်အချက်။ နှစ်အချက်တော့ လွှတ်ပေးမယ်ဆိုရင် နှောင်ကြိုးကင်းတဲ့ လွှတ်ပေးခြင်းနဲ့ လွှတ်ပေးသင့်တယ်။ နှောင်ကြိုးတွေ ပါနေတဲ့ ဟာနဲ့ ကျနော်တို့ကို လွှတ်လိုက်လို့ကတော့ ကြိုးလှန်ပြီးတော့ လွှတ်သလိုမျိုး ဖြစ်နေမှာပဲ။ နောက်တခုက အကျဉ်းသား လွှတ်တယ် ဆိုရင် အကျဉ်းသား ပြန်လည်ထူထောင်ရေးကိုလည်း စဉ်းစားရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မိမိရဲ့ ယုံကြည် ချက်အရ ထောင်ကျခံနေကြရတာ။ ရိုးရိုး ရာဇဝတ်သားတောင်မှ ပြန်လည်ထူထောင်ရေးကို လုပ်ပေးရရင် နိုင်ငံရေး အကျဉ်းသားတွေ ဘဝကိုလည်း ပြန်လည်ထူထောင်ရေး လုပ်ပေးရလိမ့်မယ်။ အကြောင်းကြောင်းကြောင့် သူတို့ပြောတဲ့ စကားကို ကျနော်တို့ ကြုံရတယ်ဆိုရင်လည်း ကျနော်ပြောတဲ့ အချက်တွေ အားလုံးနဲ့ ပြည့်စုံမှသာလျှင် ကျနော်တို့ ယုံနိုင် မယ်။ သို့မဟုတ်ဘဲနဲ့ ကမ္ဘာအလယ်တက်ပြီးတော့ ပြောဖို့တို့၊ ဘန်ကီမွန်းခရီးက မျက်နှာပျက်သွားတာတွေ ဖြစ်သွားတာကို ဖာဖို့ထေးဖို့၊ ဒီဟာနဲ့ချကျွေးတဲ့ဟာမျိုးလို အကျဉ်းသားကိစ္စကို ပြောလာတာဆိုရင်တော့ ဘာမှအကျိုးမရှိနိုင်ဘူးလို့ ကျနော် ပြောချင်တယ်။ ဘာမှလည်း အဓိပ္ပာယ် ရှိမှာမဟုတ်ဘူးလို့ ပြောချင်တယ်။”
NLD အတွင်းရေးမှူးအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ပါ။
မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကိစ္စပြောသလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါဝင်နိုင်မယ့် အခြေအနေ တွေ ဖန်တီးပေးဖို့ ပြောပါတယ်။ ဒါပေမဲ့လည်း တကယ်ကတော့ ၂၀၀၈ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေအရကို ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲဝင်ခွင့် ရလာနိုင်စရာ မရှိပါဘူး။ ဒါ့ကြောင့် အခြေခံဥပဒေကို မပြင်ဆင်ဘဲနဲ့ တော့ မစ္စတာဘန်ကီမွန်း ပြောသလို ဒီရွေးကောက်ပွဲဟာ တရားဝင်မှုရှိတဲ့၊ အားလုံးပါဝင်ပြီး ယုံကြည်ရလောက်တဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူးလို့ NLD ဘက်ကနေ အခိုင်အမာပြောနေတာပါ။ ကုလသမဂ္ဂဘက်ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကို ခုချိန်ထိ မှတ်ချက်ပေး ပြောဆိုတာမျိုး လုံးဝမရှိသေးပါဘူး။
အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြင်ဆင်နေပါတယ် ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေ က လုံခြုံရေး ကောင်စီမှာ ပြောဆိုခဲ့တဲ့အကြောင်းကိုတော့ ဒီကနေ့ထုတ် မြန်မာသတင်းစာတွေမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။