အိန္ဒိယနဲ့ ထိုင်းနိုင်ငံကို သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရဲ့ အာရှခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ ခရီးစဉ်ပြီးရင် ထိုင်းနိုင်ငံကို ဇူလိုင်လ ၂၁ ရက်နေ့ ဆိုက်ရောက်ဖို့ရှိပါတယ်။ ထိုင်းနိုင်ငံရောက်တဲ့အခါ ဝန်ကြီး ကလင်တန်အနေနဲ့ မြန်မာနိုင်ငံအရေးကိုလည်း အလေးပေး ပြောကြားဖို့ရှိတယ်လို့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ထိပ်တန်း အစိုးရအရာရှိတွေက ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်အနေနဲ့ ဒီနေ့ ထွက်ခွာခဲ့တဲ့ အာရှခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံမှာ ၄ ရက်ကြာနေထိုင်ပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိတဲ့အခါ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) နဲ့ တွေ့ဆုံဖို့ရှိပြီး နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေ ဆွေးနွေးရာမှာ မြန်မာ့နိုင်ငံရေးလည်း ထည့်သွင်း ဆွေးနွေးဖို့ရှိတယ်လို့ ထိပ်တန်း ထိုင်းနိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သမ္မတ အိုဘားမား (Obama) အစိုးရကတော့ သမ္မတဘုရှ် (Bush) အစိုးရဟောင်း လက်ထက်အတွင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ထောက်ခံအားပေးဖို့ ရည်ရွယ်တဲ့ အမေရိကန် အစိုးရရဲ့ ပေါ်လစီကို ပြန်လည်သုံးသပ်နေတယ်လို့ ဆိုပါတယ်။ အခု ၇ လပိုင်း ရောက်တဲ့အချိန်ထိလည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ တိတိကျကျ ထွက်ပေါ်မလာတဲ့အတွက်လည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။
အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ်လ် (Scot Marciel) ကတော့ ဖေဖော်ဝါရီလတုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီ ပြန်လည်သုံးသပ်နေတယ်လို့ ပြောကြားပြီးတဲ့နောက်ပိုင်း အခုထိ ပြတ်ပြတ်သားသား ထွက်ပေါ်မလာသေးတဲ့ အခြေအနေကို ဗုဒ္ဓဟူးနေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ခုခံပြောဆိုသွားပါတယ်။
အကျယ်ချုပ်ကျခံစဉ် အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော (John Yettaw) ရဲ့ ကျူးကျော် ဝင်ရောက်မှုကြောင့် တားမြစ်မိန့် ချိုးဖောက်မှုနဲ့ အင်းစိန်ထောင်တွင်း ဖမ်းဆီးခံရပြီး ရုံးတင်စစ်ဆေးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအခြေအနေကြောင့် အဓိကဖြစ်တယ်လို့ အခုလို သူက ရှင်းလင်း ပြောကြားသွားပါတယ်။
“ဒီကိစ္စ နှေးနေရတာကတော့ ကျနော်တွက်ကြည့်တာက နောက်ထပ် ထွက်ပေါ်လာတဲ့ အခြေအနေတွေအရ အထူးသဖြင့် ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အရေးယူ တရားခွင်တင်ထားတဲ့ကိစ္စတွေ ရှိနေဆဲ ဖြစ်တာမို့ပါ။ ဒါတွေက ကျနော်တို့ မူဝါဒရေးရာ ပြန်လည်သုံးသပ်မှုတွေ အပေါ်မှာ သေချာပေါက် သက်ရောက်မှုတွေ ရှိမှာဖြစ်ပါတယ်။”
ဒါ့အပြင် အခုလို ပေါ်လစီ ထွက်ပေါ်မလာပေမယ့်လည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ အခြေခံ ရပ်တည်ချက် ဟာ မပြောင်းလဲဘူးလို့လည်း မစ္စတာ မာဆီယယ်လ်က ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ထွက်ပေါ်လာစေဖို့ တိုက်တွန်းဖို့ ကျနော်တို့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်ဆိုတဲ့ အခြေခံကျတဲ့ မူဝါဒရေးရာတွေကတော့ နဂိုအတိုင်းပဲ ရှိနေဆဲပါ။ တိုးတက်မှုတွေ အဖြစ်နဲ့ကတော့ အစိုးရနဲ့ အတိုက်အခံ တွေ၊ တိုင်းရင်းသား လူမျိုးစုတွေ ဆွေးနွေးပြောဆိုကြဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အုပ်ချုပ်ရေးမှာ တိုးတက်မှု ရှိလာစေဖို့တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပိုပြီး ပွင့်ပွင့်လင်းလင်းရှိဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ကတော့ သူ ရာထူးလက်ခံအပြီး အာရှကိုသွားရောက်တဲ့ ခရီးစဉ် အတွင်း ဂျပန်နိုင်ငံကို ရောက်ရှိစဉ် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှု တွေဟာ အလုပ်မဖြစ်ဘူး၊ တချိန်တည်းမှာပဲ မြန်မာအစိုးရအပေါ် သင့်သင့်မြတ်မြတ် ဆက်ဆံပြီး နားချပြောဆိုတဲ့ နည်းဟာ လည်း မထိရောက်တဲ့အကြောင်း ဝန်ခံပြောဆိုသွားပါတယ်။ ဒါကြောင့်လည်း ပါးနပ်တဲ့ မူဝါဒ Smart Powerကို သုံးပြီး အလျှော့အတင်း ပြုလုပ် ဆက်ဆံသွားဖို့ ပေါ်လစီကို သုံးသပ်နေခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီး ကလင်တန်အနေနဲ့ ထိုင်းနိုင်ငံကိုရောက်ရှိစဉ် ဖူးခက်မှာကျင်းပမယ့် အာဆီယံ အသင်းကြီးရဲ့ ဝန်ကြီးများအဆင့် ညီလာခံကိုလည်း နောက်သီတင်းပတ် တက်ရောက်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန် ရဲ့ စိုးရိမ်မကင်း ဖြစ်မှုများကို ဝန်ကြီးကလင်တန်အနေနဲ့ အတိအကျ ပြောဆိုဖို့ ရှိတယ်လို့လည်း မစ္စတာမာဆီယယ်လ်က အခုလို ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံကိစ္စကို ထုတ်ဖော်ပြောဆိုတာမျိုး ကျနော်တို့ စိုးရိမ်မကင်း ဖြစ်နေရတာတွေကို ရှင်းရှင်းလင်းလင်း ပြောတာ မျိုးတွေ သူလုပ်မယ်ဆိုတာတော့ ကျနော် ယုံကြည်ထားပါတယ်။”
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ ပေါ်လစီသစ် ထွက်ပေါ်လာဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်လို့တော့ အမေရိကန် အခြေစိုက် USCB ခေါ် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ပေါ်လစီရေးရာ ဒါရိုက်တာ ကိုအောင်ဒင်ကတော့ အခုလို သုံးသပ်ခဲ့ပါတယ်။
“ကျနော်တို့ကတော့ အမေရိကန်ရဲ့ Policy Review ကို အမြန်ဆုံး ပြီးစေချင်ပြီပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အခု အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီကို သုံးသပ်နေတဲ့အချိန် တချို့နိုင်ငံတွေက ဘာယူဆသလဲဆိုတော့ အမေရိကန်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တိကျပြတ်သားတဲ့ မူဝါဒ မရှိသေးဘူးလို့ ယူဆကြတယ်။ အဲဒီတော့ ဂျပန်၊ အာဆီယံနိုင်ငံတွေနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေ အားလုံးလိုလိုက အမေရိကန် အစိုးရမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တိကျပြတ်သားတဲ့ ပေါ်လစီ မရှိသေးဘူးဆိုပြီး သူတို့ကိုယ်တိုင်လည်း ဘာမှ လှုပ်ရှားမှု မလုပ်ဘဲနဲ့ စောင့်နေကြတဲ့သဘော ရှိတယ်။
“ဒါကြောင့် အမေရိကန် ပေါ်လစီသုံးသပ်မှု မပြီးမချင်း၊ အမေရိကန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တိကျပြတ်သားတဲ့ ပေါ်လစီ မရှိမချင်း ကမ္ဘာနဲ့ပတ်သက်တဲ့ အရေးယူမှုတွေ၊ တုံ့ပြန်မှုတွေကတော့ နှေးကွေးနေဦးမှာပဲ။ ဒါကြောင့် ကျနော်တို့ က အမေရိကန်အစိုးရကို သူ့ရဲ့ Policy Review ကို အမြန်ဆုံး အဆုံးသတ်ဖို့၊ ပြီးတော့ တိကျပြတ်သားတဲ့ ပေါ်လစီ တရပ် ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပြီး လှုပ်ရှားဖို့ ကျနော်တို့က တိုက်တွန်းနေကြတာပါ။
“ဒါပေမယ့် တဖက်မှာကြတော့ သူတို့ကလည်း Policy Review မှာ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စကို ထည့်သွင်း စဉ်းစား တဲ့ အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်အမှု ဆုံးဖြတ်ချက် ချပြီးမှသာလျှင် Policy Review က အဆုံးသတ်မယ့် လက္ခဏာ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကလည်း မမျှော်လင့်ဘဲ အချိန်ကြန့်ကြာနေတဲ့ အခါကျတော့ တဘက်မှာ အမေရိကန် Policy Review ကလည်း လိုက်ပြီး ကြန့်ကြာနေတဲ့ သဘောပါပဲ။”
USCB ပေါ်လစီရေးရာ ဒါရိုက်တာ ကိုအောင်ဒင် ပြောပြသွားတာ ဖြစ်ပါတယ်။