A အမျိုးအစား H1N1 ဝက်တုပ်ကွေးရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ဒေသတွင်း အစိုးရတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ ကြိုးပမ်းမှုတွေ ထိုင်းအစိုးရဘက်က ပြင်ဆင်နေပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ တခြားလက်တွဲဘက် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ မကြာခင် ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးကြတဲ့အခါ ဝက်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးကိစ္စ ထိုင်းအစိုးရအနေနဲ့ တင်ပြဆွေးနွေးသွားဖို့ ရှိတယ်လို့ ဗွီအိုအေသတင်းထောက် ရွန် ကော်ဘင် (Ron Corbin) သတင်းပေးပို့ထားပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး နောက်ဆုံး ဝက်တုပ်ကွေး အခြေအနေတွေကို ကိုသားညွန့်ဦးက စုစည်းတင်ပြပေးထားပါတယ်။
A အမျိုးအစား H1N1 ဝက်တုပ်ကွေးရောဂါပိုး တိုက်ဖျက်ရေး ဆေးတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်အောင် အာရှအစိုးရတွေ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ လိုလားတယ်လို့ ထိုင်းအစိုးရဘက်က ပြောပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက် အပန်းဖြေကျွန်းမှာ နောက်အပတ်ထဲလုပ်မယ့် ARF အစည်းအဝေး ကာလအတွင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) အနေနဲ့ ဒီကိစ္စကို တင်ပြဆွေးနွေးဖို့ ရှိတယ်လို့ မစ္စတာအဘီဆစ်ရဲ့ ဒီမိုကရက်တစ်ပါတီ ပြောခွင့်ရသူ ဘူရန်နက်ချ် ဆန်မွတ်တာရတ်က ပြောပါတယ်။
“ဒါဟာ ကမ္ဘာ့အဆင့်အထိ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ အားလုံးအတွက် စိန်ခေါ်ချက်ဆိုတာ ရှင်းပါတယ်။ ဒါကြောင့် အားလုံး စုပေါင်းပြီး အဖြေရှာ ကိုင်တွယ်နိုင်ရေး ကြိုးပမ်းဖို့ မစ္စတာအဘီဆစ်အနေနဲ့ အလွန် ဆန္ဒရှိနေပါတယ်။ ဥပမာ ကာကွယ်ဆေးတွေနဲ့ ရောဂါတိုက်ဖျက် ဆေးတွေကို လူတိုင်း အလွယ်တကူ ရရှိနိုင်ရေးမှာ ကြိုးပမ်းကြဖို့ပါ။”
ကာကွယ်ဆေးနဲ့ တိုက်ဖျက်ဆေးတွေ လွယ်လွယ်ကူကူနဲ့ ဈေးသက်သက်သာသာ ရရှိရေးအပြင် ဆေးဝါးနဲ့ပတ်သက်လို့ နောက်ပြဿနာတခုက တိုက်ဖျက်ဆေး မတိုးတော့တဲ့ ရောဂါပိုးတွေ ဖြစ်လာနိုင်ခြေ ရှိတာပါ။ အခုလက်ရှိ ဝက်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ အစိုးရ အာဏာပိုင်တွေမှာ အဓိက တာဝန်ရှိတယ်လို့ လူထုကျန်းမာရေး အရာရှိတွေက ယူဆထားပါတယ်။
အရေးကြီးတာက ရောဂါပိုးကို ရှာဖွေနေရုံတင် မပြီးဘဲနဲ့ တွေ့ထားတဲ့ ရောဂါပိုးတွေကို မပြတ်ထောက်လှမ်းပြီး အသွင်ကူးပြောင်းမှု ရှိမရှိ၊ ဆေးနဲ့ ယဉ်ပါးလာမှု ရှိမရှိ စောင့်ကြည့်သွားဖို့ လိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စု တင်နက်ဆီပြည်နယ် လူထုကျန်းမာရေးဌာနက ဒေါက်တာမင်းမင်းစိုးက ပြောပါတယ်။
“ပထမဆုံး အဆင့်အနေနဲ့ Monitoring Surveillance ကို သေသေချာချာလုပ်ဖို့ လိုတယ်လေ။ သာမန် အပူချိန် တိုင်းနေရုံလောက်နဲ့တော့ မပြီးဘူး။ နိုင်ငံ ဒေသအလိုက် ဗိုင်းရပ်စ်တခုရဲ့ ပြောင်းလဲမှုတွေက တူချင်မှတူတာဆိုတော့ သက်ဆိုင်ရာ နိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ပိုးတွေ ဘယ်လောက် Mutate ဖြစ်နေလဲ၊ Drug Persistance ဘယ်လောက်ဖြစ်နေလဲ၊ ဆေးတွေကို ဘယ်လောက်ယဉ်ပါးနေလဲ၊ ဒါတွေကို အမြဲ Monitor လုပ်ဖို့ လိုပါတယ်။
“ဘယ်လိုလူတွေမှာ ရောဂါ ပိုပြီး ဆိုးဆိုးဝါးဝါး ပိုဖြစ်လာလဲ၊ ဒါတွေလည်း စောင့်ကြည့်ဖို့လိုတယ်။ အဲဒါတွေ စောင့်ကြည့်ပြီးတော့မှ Information Facts ကို အခြေခံပြီးမှ ပြည်သူကို တိတိကျကျ ထုတ်ပြန်ဖို့ လိုတယ်။ အကယ်၍ သတင်းက မှန်မှန်မထုတ်နိုင်ဘူး၊ သေသေချာချာ ပြည့်ပြည့်စုံစုံ မထုတ်နိုင်ဘူးဆိုရင် ပြည်သူက သို့လော သို့လော ဖြစ်ပြီးတော့ မကြောက်တဲ့လူရော၊ အကြောက်လွန်တာရော အကုန်ရှုပ်ကုန်မှာပေါ့။”
လက်ရှိအားဖြင့် ထိုင်းနိုင်ငံလို နေရာမျိုးမှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ CDC ရောဂါထိန်းချုပ်ရေး ဌာနခွဲနဲ့ အမေရိကန် စစ်ဘက် ဓာတ်ခွဲ သုတေသနခန်းတွေ ရှိတော့ အဲဒီကနေ ရောဂါပိုးတွေကို နေ့စဉ်မပြတ် စောင့်ကြည့် အကဲဖြတ်နိုင်ပေမယ့် မြန်မာနိုင်ငံလို နေရာမျိုးတွေမှာတော့ ဒီလို နေ့စဉ်မပြတ် စောင့်ကြည့်နိုင်တဲ့စနစ် အားနည်းမှုတွေကြောင့် ရောဂါပိုး အသွင်ပြောင်းနိုင်တာတွေ၊ ဆေးယဉ်တာတွေ ဖြစ်လာနိုင်တယ်လို့ ဒေါက်တာမင်းမင်းစိုးက ယူဆပါတယ်။ အခုအချိန်ဟာ ကမ္ဘာ့တောင်ခြမ်းဒေသ တုပ်ကွေးရာသီချိန်မို့ အထူးဂရုပြုသင့်တယ်လို့ ဆိုပါတယ်။
“Genetic Mutation ဆက်ဖြစ်မှာလား၊ အဲဒါကိုပဲ ကြောက်နေတယ်။ ဗမာပြည်မှာက မိုးရာသီ စိုထိုင်းစနဲ့ဆိုတော့ Flu Virus က နည်းနည်းလေး အသက်ပိုရှည်ဖို့ Chance များလာပြီ၊ ဆိုတော့ အခုအချိန်မှာ စိုးရိမ်ရတာ ကျနော်တို့ လူတွေကြားမှာ အရင်တုန်းက ရှိပြီးဖြစ်တဲ့ Type B H1N1, H3N2 အဲဒါတွေ၊ လူထဲမှာရှိတဲ့ Flu Virus နဲ့ အခုပေါ်လာတဲ့ Swine Flu Virus နဲ့ ထပ်ပေါင်းပြီးတော့ ပိုဆိုးလာမှာကိုပဲ စိုးရိမ်နေတာပါ။”
ထိုင်းနိုင်ငံမှာတော့ ဝက်တုပ်ကွေး ကူးစက်ခံရသူ ၄,၀၀၀ ကျော်သွားပြီး သေဆုံးသူ အနည်းဆုံး ၂၅ ဦး ရှိသွားပါပြီ။ ဒါကြောင့် ရောဂါပိုး ထိန်းချုပ်နိုင်ရေးအတွက် ကျောင်းတွေနဲ့ တချို့အလုပ်တွေကို ဘန်ကောက်မြို့မှာ ယာယီပိတ်ထားရပါတယ်။
မြန်မာနိုင်ငံမှာတော့ ရောဂါပိုးကူးစက်သူ ၃ ဦး ရှိသွားပြီလို့ အစိုးရက တရားဝင် ကြေညာထားပါတယ်။ ဒီရောဂါဟာ ကမ္ဘာ့ ကပ်ရောဂါအဆင့် ဖြစ်လာပြီလို့ WHO က သတိပေးထားပေမယ့် တဖက်မှာတော့ ရောဂါဟာ အပျော့စားအဆင့်မှာပဲ ရှိပါသေးတယ်။ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့တော့ ဗိုင်းရပ်စ်ပိုးမွေးပြီး အခု ဆေးကုမ္ပဏီ တော်တော်များများကို ပိုးနမူနာ ပို့ထားပေမယ့် စိတ်ချရတဲ့ ကာကွယ်ဆေးတွေ ဖြစ်လာဖို့တော့ အချိန်ကာလ အတန်ကြာ လိုဦးမယ်လို့ ဒေါက်တာမင်းမင်းစိုးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာတော့ H1N1 ဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ ရောဂါတိုက်ဖျက်ဆေး ထုတ်ဖို့အတွက် ထိုင်းအစိုးရက အမေရိကန်ဒေါ်လာ ၂၅ သန်း သုံးစွဲဖို့ အတည်ပြုလိုက်ပါပြီ။ တချိန်တည်းမှာပဲ ဒေသတွင်း နိုင်ငံတွေကြားမှာ ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အစိုးရတွေအနေနဲ့ ငွေကြေးပိုမိုသုံးစွဲပြီး ကာကွယ်ဆေးနဲ့ တိုက်ဖျက်ဆေးတွေ ဖောဖောသီသီ ရနိုင်အောင် ထိုင်းအစိုးရက အခုလာမယ့် အာဆီယံနဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ အစရှိတဲ့ အခြားနိုင်ငံတွေ ပါဝင်တဲ့ ဖူးခက်အစည်းအဝေးကြီးမှာ ဦးစီးဦးဆောင်လုပ်ပြီး ဆွေးနွေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။