သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ဗုံးပေါက်ကွဲမှု အကြမ်းဖက်လုပ်ရပ်လို့ သမ္မတ ပြောကြား


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ Ritz-Carlton နဲ့ Marriott ဟိုတယ်တွေမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု တွေကြောင့် လူ ၉ ယောက် သေဆုံးပြီး ၅၀ လောက် ထိခိုက် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်တွေဟာ အကြမ်းဖက် သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က ပြောကြား လိုက်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဗွီအိုအေသတင်းထောက် Breian Padden က သတင်းပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ကြားခဲ့ကြရတာကတော့ ဂျကာတာမြို့ လူကုံထံရပ်ကွက်မှာ ရှိတဲ့ Marriott ဟိုတယ်မှာ သေဆုံးခဲ့သူ ၅ ယောက်ရဲ့ အလောင်းတွေကို အင်ဒိုနီးရှား အရေးပေါ် ဆေးဝန်ထမ်းတွေက သယ်ဆောင်နေတာကို ဝိုင်းကြည့်နေကြတဲ့ လူအုပ်ကြီးကို ရဲက ဘေးဖယ်ခိုင်းနေတဲ့ အသံတွေ ဖြစ်ပါတယ်။ ဒုတိယ ဗုံးကတော့ မလှမ်းမကမ်းမှာ ရှိတဲ့ Ritz-Carlton ဟိုတယ်မှာ မိနစ် ပိုင်းကလေးပဲ ခြားပြီး ပေါက်ကွဲခဲ့တာပါ။

မနက် ၈ နာရီ မထိုးခင်လောက်မှာ ပေါက်ကွဲမှု အသံအကျယ်ကြီး ကြားလိုက်ရပြီး မီးခိုးတွေ ကောင်းကင်ကို ထောင်တက် လာတာ တွေ့လိုက်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဗုံးက ဟိုတယ်အတွင်းထဲမှာ ပေါက်ကွဲခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဗုံးဖောက်ခွဲမယ့်သူတွေဟာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတာကို ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ မသင်္ကာရသူ တော်တော်များများ ဟာ ဟိုတယ်ရဲ့ ၁၈ ထပ်မှာ တည်းနေကြတာ ဖြစ်ပြီး အဲဒီအခန်းထဲမှာ မပေါက်ကွဲသေးတဲ့ ဖောက်ခွဲရေးပစ္စည်းတချို့ တွေ့ခဲ့တယ် လို့ ဂျကာတာမြို့ ရဲမှူးက ပြောပါတယ်။

ဒီဟိုတယ် ၂ ခုကို မြေအောက် လိုင်ခေါင်းနဲ့ ဆက်သွယ် ထားပေမယ့် ဗုံးတွေကို ဘယ်လိုထောင်ပြီး ဖောက်ခွဲခဲ့တယ်ဆိုတာ အခုချိန်မှာ ပြောဖို့ စောသေးတယ်လို့ အင်ဒိုနီးရှားသမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Dino Pati Djalal က ပြောပါတယ်။

"ဒါဟာ ဗုံးနဲ့ အလားသဏ္ဍာန်တူတဲ့ ပြင်းထန်တဲ့ ပေါက်ကွဲအားရှိတဲ့ ပေါက်ကွဲမှုဖြစ်တယ်လို့ လုံခြုံရေး ဝန်ကြီးကတော့ ပြောထားပါတယ်။ ဒါပေမယ့် ဘာဖြစ်တယ်၊ ဘယ်လို အမျိုးအစားနဲ့ ဘယ်လို ပေါက်ကွဲသွားတယ် ဆိုတာကတွေကို အတိအကျ သိနိုင်ဖို့က မလွယ်သေးဘူး။" - လို့ အင်ဒိုနီးရှားလို ပြောသွားတာပါ။

ဘယ်သူ့လက်ချက်ဆိုတာ အတိအကျ မသိနိုင်ပေမယ့် ဒီဗုံးပေါက်ကွဲမှုဟာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono က ပြောပါတယ်။

"ဘယ်နိုင်ငံ၊ ဘယ်ဘာသာ တရားပဲဖြစ်ဖြစ်၊ ဘယ်လို ရည်ရွယ်၊ အကြောင်းပြချက်မျိုးနဲ့ပဲဖြစ်ဖြစ် အကြမ်းဖက် လုပ်ဆောင်မှု ဟာ ဘယ်လိုမှ တရားနည်း မကျနိုင်ဘူး။" - လို့ အင်ဒိုနီးရှား ဘာသာစကားနဲ့ ပြောသွားတာပါ။

ဒါဟာ လေးနှစ်အတွင်း ပထမဆုံးအကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားတာဖြစ်ပြီး Marriott ဟိုတယ်မှာတော့ ဒုတိယ အကြိမ် မြောက် ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ကတော့ အစ္စလာမ် စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ JI Jamaah Islamiya အဖွဲ့ရဲ့လက်ချက် ဖြစ်တယ်လို့ ပြောဆိုနေကြပြီး အဲဒီအဖွဲ့ရဲ့ လက်ချက်ကြောင့် ၉ နှစ်အတွင်း အင်ဒိုနီးရှား နိုင်ငံ တဝှမ်း လူပေါင်း ၂၃၀ လောက် သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သမ္မတအဖြစ် ပြန်လည် ရွေးကောက်တင်မြောက်ခံခဲ့ရတဲ့ သမ္မတ ယူဒိုယိုနိုက အဲဒီ ရွေးကောက်ပွဲ ပျက်စီးအောင်နဲ့ သူကျမ်းသစ္စာ ကျိန်ဆိုလို့မရအောင် အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေ ကြတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေ ရရှိထားတယ်လို့ ဆိုပါတယ်။

"ရွေးကောက်ပွဲ ကော်မရှင် ရုံးချုပ် ဝင်စီးဖို့ ပြင်ဆင်တာတွေနဲ့ သူရွေးကောက်ပွဲ နိုင်ခဲ့ရင် တော်လှန် ပုန်ကန်မှုတွေ စလုပ် မယ် ဆိုတဲ့ ကြေညာချက်တွေကို ရခဲ့တယ်။" - လို့ သမ္မတ ယူဒိုယိုနို က ပြောသွားပါတယ်။

ဘယ်အဖွဲ့အစည်းက အဲဒီ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ် ဆိုတာကိုတော့ သမ္မတက ပြောမသွားပါဘူး။

ဗြိတိန်နိုင်ငံက Manchester United ဘောလုံးအသင်း လည်း မနက်ဖြန်ကစပြီး Ritz-Carlton မှာ တည်းဖို့ စီစဉ်ထားပေမယ့် အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ဂျကာတာခရီးစဉ်ကို ပယ်ဖျက်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG