သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြပွဲ နှိမ်နှင်းမှု သမ္မတဟောင်း ဝေဖန်


အီရန်နိုင်ငံရဲ့ သမ္မတဟောင်း အာ့ခ်ဘာ ဟာ့ချ်မီ ရာဖ်ဆန်ဂျနီ (Akbar Hashemi Rafsanjani) က တီဟီရန် တက္ကသိုလ်မှာ မနေ့ကကျင်းပခဲ့တဲ့ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း နိုင်ငံခေါင်းဆောင်တွေက ရွေးကောက်ပွဲနောက်ပိုင်း ဆန္ဒပြမှု တွေကို ဖြိုခွဲခဲ့တဲ့ကိစ္စ အပေါ် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ သူက ပြည်သူတွေရဲ့ ဆန္ဒတွေဆိုတာ လေးစားရမယ့်ကိစ္စ၊ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ထည့်ခဲ့တဲ့မဲတွေအပေါ် ပြည်သူအများစုက သံသယတွေ ရှိနေကြတုန်းပဲလို့ ဟောပြောခဲ့ပါတယ်။

အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ ဆန္ဒပြသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ သူက တောင်းဆိုခဲ့ပါသေးတယ်။ မနေ့က ဝတ်ပြု ဆုတောင်းပွဲမှာ အဓိကကျတဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် မီယာဟူစိန် မူဆာဗီ လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ အတိုက်အခံကို ထောက်ခံကြတဲ့ ပြည်သူတွေ ထောင်နဲ့ချီပြီးတက်ရောက်ခဲ့ကြပြီး ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့ကြပါတယ်။ မျက်မြင် သက်သေတွေ ပြောတာက တော့ ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေနဲ့ လူစုခွဲခဲ့ကြတယ်လို့ ဆိုပါတယ်။

အီရန်က အမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူ ရှာဒီ ဆာဒါ ဟာလည်း မနေ့က ဆုတောင်းဝတ်ပြုပွဲကိုအသွား လမ်းမှာ အဖမ်း ခံခဲ့ရတယ်လို့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။ အရပ်ဝတ်အရပ်စားနဲ့ လူတွေက သူ့ကို နံပါတ်တုတ် တွေနဲ့ ရိုက်ပြီး ကားထဲဆွဲခေါ် သွားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG