သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် ထောင်တွင်း အလှူလုပ်မည်


မနက်ဖြန် ကျရောက်မယ့် ၆၂ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်တွင်းမှာ အလှူဒါန ပြုလုပ်ဖို့ ရှိနေပါတယ်။ ဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခံ၊ တရားစွဲဆိုတာ ခံနေရတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းမှာ အကျဉ်းရုံး အခမ်းအနားတခု ပြုလုပ်မှာပါ။ တချိန်တည်းမှာ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း အခမ်းအနားတွေလုပ်ဖို့ စီစဉ်နေပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်တွေကို အောက်မေ့ဖွယ် အခမ်းအနားတခုအဖြစ် အကျဉ်းကျခံနေရတဲ့ ထောင်တွင်းမှာ အလှူပေးမယ့် အခမ်းအနားတခု ပြုလုပ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ထားတာပါ။ တားမြစ်ကန့်သတ်ချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံထားရတဲ့ အမှုနဲ့ ပတ်သက်လို့ နှစ်ဖက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲရမှာမို့ သောကြာနေ့၊ မနေ့တုန်းကပဲ ဥပဒေရေးရာ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဥပဒေ အကျိုးဆောင်တွေကို ပြောပြခဲ့တာပါ။

အာဇာနည်တွေ ကျဆုံးတဲ့ ၆၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီလို အကျဉ်းရုံးပြုလုပ်တဲ့ နေရာမှာ ထောင်တွင်းဆေးရုံမှာ ကုသမှု ခံယူနေရတဲ့ အကျဉ်းသားတွေကို အစားအသောက် လှူဒါန်းမှာဖြစ်တယ်လို့ သူ့ရဲ့ အကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီအတွက် လိုအပ်မယ့် ပစ္စည်းတွေကိုလည်း ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ဦးလှမျိုးမြင့်က အင်းစိန်ထောင်ကို သွားရောက်ပေးပို့ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“တနာရီခွဲမှာ လိုအပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မှာတဲ့ ပစ္စည်းတွေ အားလုံးကို သူတို့ လက်ခံပြီး သွားပို့ပေးတယ်။ ပစ္စည်းက ကျနော် မှတ်မိသလောက် ကွေကာအုပ် အထုပ်ကြီး ၁၁ ထုပ်၊ တယောက်စာ ကိတ်မုန့်အထုပ် ၃၃၀၊ ကျနော်သိတဲ့ အစီအစဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ထောင်ဆေးရုံတက်နေတဲ့ ပုဂ္ဂိုလ်အားလုံးကို အလှူဒါန ပြုမယ်။”

လွန်ခဲ့တဲ့ ၁၉ နှစ်တာ ကာလအတွင်း ၁၃ နှစ်လောက် ဖမ်းဆီးထိန်းသိမ်း ခံနေခဲ့ရတာမို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် လုပ်ကြံသတ်ဖြတ် ခံခဲ့ရသူ ၉ ဦးအတွက် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို မကြာခဏဆိုသလို တက်ရောက်နိုင်တာမျိုးတော့ မရှိပါဘူး။ ဒီတကြိမ်မှာလည်း အကျဉ်းကျခံဘဝနဲ့ ဖခင်ကွယ်လွန်တဲ့ အထိမ်းအမှတ်ကို ဖြတ်သန်းရမယ့်အပေါ် သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေအဖို့ လက်မခံနိုင်စရာ ဖြစ်နေရတယ်လို့ ပါတီပြောခွင့်ရသူ ဦးဝင်းနိုင်က ပြောပါတယ်။

“ကိုယ့်အဖေ ကွယ်လွန်တဲ့နေ့မှာ လွတ်လွတ်လပ်လပ် ကောင်းမှုကုသိုလ်ပြု၊ အမျှအတန်းဝေ၊ စိတ်လက်ချမ်းသာစွာနဲ့ ရှိရမယ့် ဒီလိုကာလမျိုးမှာ တပူပေါ် နှစ်ပူဆင့်၊ အမှု တခုပြီးတခု၊ ပြဿနာ တခုပြီးတခု ဖြေရှင်းနေရတယ်။ ပြဿနာကလည်း ကိုယ်ကစတဲ့ ပြဿနာ မဟုတ်ဘူး။ အဲတော့ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာတော့ ကျနော်တို့က ကရုဏာလည်း သက်မိတယ်၊ ဒီအပေါ်မှာလည်း ကျနော်တို့ အဖွဲ့ဝင်တွေ အားလုံးက စိတ်မကောင်း ဖြစ်ကြတယ်။

“အခုချိန်မှာ ဘာအပြစ်မှ မရှိဘဲနဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ ထည့်ထားပြီးတော့ အခုလို ရင်ဆိုင်နေရတဲ့ ဘဝမျိုးကတော့ ကျနော်တို့အနေနဲ့ ကြာရှည် တွေ့လည်း မတွေ့လိုဘူး၊ မြင်လည်း မမြင်လိုဘူး။”

ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မယ့် ၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို သူ့ရဲ့ NLD ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်ဘဲ ကျင်းပရဖို့ ရှိနေပါတယ်။ NLD က စီစဉ်ထားတဲ့ အခမ်းအနားနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရသူ ဦးဝင်းနိုင် ပြောပြတာကတော့ …

“မနက်ဖြန်ကို အရုဏ်ဆွမ်း ဘုန်းကြီး ၅ ပါး ပင့်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အမျှအတန်း ပေးဝေမှာပါ။ အဲဒါပြီးရင် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲမယ်၊ ပြီးရင် အာဇာနည်ကုန်းဘက်ကို မျက်နှာမူပြီး အလေးပြုကြမှာပါ။ အဲဒါပြီးလို့ နေ့လယ် ၁၂ နာရီခွဲမှာ အခမ်းအနား စမယ်။ အခမ်းအနားဖွင့်မယ်၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုမယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို အလေးပြုမယ်။ ပြီးရင်တော့ ဒီမိုကရေစီ အရေးတော်ပုံ အဆက်ဆက်မှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တမိနစ် ငြိမ်သက်မယ်။ ပြီးရင် အဖွဲ့ချုပ် သဘာပတိ မိန့်ခွန်းပေါ့၊ ပြီးရင် အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ အာဇာနည်နေ့ ကြေညာစာတမ်း ဖတ်ကြားမယ်။ ပြီးရင် သဝဏ်လွှာတွေ ဖတ်မယ်။ အဲဒါပြီးရင်တော့ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာမှာပေါ့။”

NLD ပါတီ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးဝင်းနိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီအခမ်းအနားမှာတော့ မြန်မာ့နိုင်ငံရေး အသိုင်းအဝန်းက ပုဂ္ဂိုလ်တွေ၊ သံတမန်တွေနဲ့ စာနယ်ဇင်းသမားတွေကို ဖိတ်ကြားထားတယ်လို့လည်း NLD ပါတီက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG