သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့ လုံခြုံရေး တင်းကျပ်


ဒီနေ့ကျရောက်တဲ့ ၆၂ကြိမ်မြောက် အာဇာနည်နေ့မှာ ဖမ်းဆီးမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုဖို့ သွားရောက်ခဲ့ကြတဲ့ လူတချို့ကို အလေးမပြုနိုင်လောက်အောင် အခြေအနေတွေကို ဖန်တီးထားပြီး တမြို့လုံးမှာ စစ်ဘက်၊ ရဲဘက်နဲ့ စွမ်းအားရှင် လုံခြုံရေးများ ချထားတာတွေဟာ လမ်းသွားလမ်းလာတွေထက်တောင် အဆမတန် ပိုမိုများပြားနေတယ်လို့ ရန်ကုန်မြို့ခံတဦးက ဆိုပါတယ်။ ဦးရော်နီငြိမ်းက မေးမြန်းထားပါတယ်။

“လမ်းဆုံကစပြီး ပိတ်ထားပါတယ်။ သံဆူးကြိုး ၃ထပ်လောက်ရှိပါတယ်။ ပိတ်ထားပါတယ်။ သံဆူးကြိုး အဝင်၀ မရောက်ခင် ဘယ်ဘက်ခြမ်းမှာလည်း ကားလမ်းမပေါ် ခေါင်းထိုးပြီး အဆင်သင့်ရပ်ထားတဲ့ ရဲကား အစီးရေ ၁၅စီး၊ အစီး ၂၀ ရှိပါတယ်။”

ရော်နီငြိမ်း။ ။ ပိတ်ထားတယ်ဆိုတာက သာမာန် ပြည်သူလူထု မလာစေချင်လို့လား။ လုံခြုံရေး သဘောအရလား၊ ဒါမှမဟုတ် မလာရဲအောင် ကြောက်အောင် လုပ်ထားတာလား၊ ဟန်ပြပဲ ဖွင့်ထားတာလား။ ဘယ်လို သဘောလဲ။

“သာမာန် ပြည်သူလူထု တယောက်အနေနဲ့ သွားဖို့ ဘယ်လိုမှ ဆုံးဖြတ်နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အများကြီး လက်နက်ကိုင်တွေ စောင့်ထားကြားထဲက ဂိတ်၀ အဝင်အထွက် ၂ခုမှာ လူဝင်ထွက်လို့ရအောင်ပဲ ဟထားပေးတယ်။”

ရော်နီငြိမ်း။ ။ ဝင်တဲ့နေရာမှာ အစစ်အဆေးက ဘယ်လို ရှိသလဲ။

“ရှိတာပေါ့။ အဲဒီမရောက်ခင် တလန်လောက်အလိုမှာပဲ လုံခြုံရေးတွေက ဘယ်သွားမှာလဲ။ ဘာလုပ်မှာလဲ။ စမေးပါတယ်။ ကျွန်တော်ကလည်း အာဇာနည် ကုန်းကို နိုင်ငံသား တယောက်အနေနဲ့ အလေးပြုချင်လို့ပါလို့ ပြောတော့။ စစ်ဆေး စောင့်ကြပ်တဲ့နေရာမှာ ပြောပြရပါတယ်။ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အသက်၊ အကုန်လုံးကို မေးပါတယ်။”

ရော်နီငြိမ်း။ ။ အလေးပြုတဲ့အချိန်မှာ ဘာအနှောက်အယှက် ရှိလဲ။

“မရှိဘူး။ ဝင်တာ စစ်တာ လမ်းတလျှောက်မှာတော့ လက်တချင်း ချိတ်လောက်နည်းနည်း အပြည့်စောင့်နေတာကို တွေ့ရတယ်။ တယောက်နဲ့ တယောက်က လေးပေလောက် တန်းစီ ဘေး ဘယ်ညာမှာ သံဆူးကြိုးစတဲ့နေရာကအစ ဟိုးအထဲအထိ ဗိမာန် ရင်ပြင်ထိ အရောက် တလျှောက်လုံး အပြည့်ရှိပါတယ်။”

ရော်နီငြိမ်း။ ။ဖမ်းတာဆီးတာရော ကြားမိသေးသလား။ ရန်ဖြစ်လို့ပဲဖြစ်ဖြစ်၊ တိုးကြခွေ့ကြလို့ဖြစ်ဖြစ်၊ ဒါမှမဟုတ် လာချင်တဲ့သူနဲ့ မလားရဘူးဆိုတဲ့ တားဆီးတဲ့လူတွေ ကြားမှာရော ပြဿနာဖြစ်တာမျိုး။

“ကျွန်တော်သိရသလောက်တော့ မရှိပါဘူး။ ကြည်ကြည်ဖြူဖြူရယ်လို့လည်း မဟုတ်ပါဘူး။ သူတို့လည်း တာဝန်အရ လုပ်ရတဲ့သဘောပါ။ ”
ရော်နီငြိမ်း။ ။ ရန်ကုန်မြို့ရဲ့ အခြေအနေ ဘယ်လိုရှိသလဲ။

“လူတွေက မိုးကလည်း တအားရွာတယ်။ မသိတဲ့သူလည်း များပါလိမ့်မယ်။ ဒီနေ့ဘာနေ့မှန်းတောင် သတိမပြုနိုင်အောင်ဖြစ်နေတယ်။ လမ်းစုံလမ်းဂွတိုင်းမှာ မျက်နှာစိမ်းတွေ၊ စွမ်းအားရှင်တွေပေါ့၊ သူတို့ စောင့်နေတာတွေ့ရတော့ နေ့ထူးနေ့မြတ်ဆိုတာ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG