အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား ဖလ်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးအပေါ် ခြားနားချက်တွေကို ညှိယူနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်မှုရှိတဲ့ အကြောင်း ပြောဆိုလိုက်ပါတယ်။
အိန္ဒိယ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဂျရမ်းရာမတ်ရှ် နဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော်မှာ ဒီကနေ့ တွေ့ဆုံ ခဲ့ပြီးတဲ့နောက် သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့တာပါ။
မစ္စတာ ရာမတ်ရှ် နဲ့ တွေ့ဆုံမှုဟာ အရမ်းကို အကျိုးရှိတယ်လို့လည်း ၀န်ကြီး ကလင်တန် က ပြောဆိုခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲမှုတွေကို ထိန်းချုပ်ဖို့အတွက် ဘယ်လို လုပ်မလဲဆိုတဲ့ စနစ်တခုကို နှစ်ဖက်စလုံးက မရေးဆွဲထားပေမဲ့ အရင်က ထင်ထားတာထက်ကို သဘောတူညီမှုတွေ ပိုရရှိခဲ့ကြတယ်လို့လည်း သူမ က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ၀န်ကြီး ကလင်တန် အနေနဲ့ အသေးစိတ် ပြောဆိုခဲ့တာ မရှိပါဘူး။
အမေရိကန်ပြည်ထောင်စုလို ဖွံ့ဖြိုးပြီးသား နိုင်ငံတွေက ဒီ ကာဘွန်ဒိုင်အောက်ဆိုဒ် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှောချဖို့ ပြောကြားနေချိန်မှာပဲ စီးပွားရေးအရ ဖွံ့ဖြိုးလာနေတဲ့ တရုတ်နိုင်ငံလိုပဲ အိန္ဒိယနိုင်ငံကတော့ လေထုထဲ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့တွေ လျော့ချပစ်ဖို့ကို အမြဲတမ်း ငြင်းပယ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် သဘာဝပတ်ဝန်းကျင် ၀န်ကြီး ရာမတ်ရှ် ကနေ အိန္ဒိယ နိုင်ငံအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်ဖို့ သတ်မှတ်ထားချက်အတိုင်း လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ အတည်ပြုပြောဆိုခဲ့ပါတယ်။