သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိမ်မြုပ်ပျောက်ကွယ်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်း အခန်းကဏ္ဍ


မြန်မာ့လွတ်လပ်ရေး ဗိသုကာ နဲ့ မြန်မာ့တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ သမိုင်းဝင် အခန်းကဏ္ဍ ယနေ့မြန်မာပြည်မှာ တဖြည်းဖြည်းမှေးမှိန် ကွယ်ပျောက်သွားအောင် စစ်အစိုးရရဲ့ လုပ်ဆောင်ခြင်းကို ခံနေရပါတယ်။ အထူးသဖြင့် ယနေ့မြန်မာ့တပ်မတော်မှာ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်ရေးအောင်ဆန်းကို ဘယ်လိုအခန်းကဏ္ဍမှာ ထားရှိနေကြတယ်ဆိုတဲ့ အကြောင်းအရာကို ဗမာ့တပ်မတော်ရဲ့ ခေတ်ဦး၊ ခေတ်လယ်၊ လက်ရှိခေတ်တွေကို ဖြတ်သန်းခဲ့တဲ့ တပ်မတော်အရာရှိဟောင်းတွေဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ်ကျော်ဇော၊ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် စစ်ဦးစီး အငြိမ်းစား ဒု-ဗိုလ်မှုးကြီး အေးမြင့် (၁၉၆၁ OTS-၂၆ ဗိုလ်သင်တန်းဆင်း)၊ စစ်သံမှုဟောင်း ဗိုလ်မှုး အောင်လင်းထွဋ် (စစ်တက္ကသိုလ် DSA-၂၀ ဗိုလ်သင်တန်းဆင်း) နဲ့ စစ်တက္ကသိုလ်ဗိုလ်သင်တန်းဆင်း လူငယ်အရာရှိဟောင်းတဦး တို့ကို ဦးရော်နီညိမ်း (ဗွီအိုအေမြန်မာဌာန) က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဗိုလ်မှုးချုပ်ကျော်ဇော။ ။ ကျနော့်မှာ ဗိုလ်ချုပ်နဲ့ပတ်သက်လို့ ယုံကြည်ချက်တခု စွဲစွဲမြဲမြဲ ရှိနေပါတယ်။ အဲဒါကတော့ ဗိုလ်ချုပ်သာ မကျဆုံးရင် ဗမာပြည်မှာ စစ်အာဏာရှင်စနစ် မပေါ်ပေါက်နိုင်ဘူး။ ပြည်သူတွေလည်း ဒီလောက် ဆင်းရဲဒုက္ခ ရောက်မှာမဟုတ်ဘူး။ ဒါကတော့ ကျနော့်ယုံကြည်ချက်ပါ။ ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးကို လက်နက်နဲ့ တိုက်ယူဖို့လိုတယ်လို့ သဘောပေါက်လာတော့ တခြားတိုင်းချစ်ပြည်ချစ် ခေါင်းဆောင်များနဲ့ စုစည်းပြီး ဗမာတပ်မတော်ကို တည်ဆောက်ခဲ့တဲ့လူပါ။

ဗိုလ်ချုပ်ရဲ့ စိတ်နေစိတ်ထားဟာ အလွန်ရိုးသားဖြောင့်မတ်ပြီး ဒီမိုကရေစီကိုလည်း ယုံကြည်သူဖြစ်ပါတယ်။ အရည်းအချင်းအရလည်း တိုင်းပြည်ကို နှစ်အနည်းငယ်အတွင်းမှာ စည်းရုံးသိမ်းသွင်းနိုင်သူဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့အခြေခံ တိုင်းချစ်ပြည်ချစ်နဲ့ အရည်းအချင်းတွေကို ယခုခေတ် တပ်မတော်သားများအပါအဝင် ဗမာပြည်သူအားလုံး လေ့လာအတုယူသင့်ပါတယ်။ ဒီအတွက် အာဇာနည်နေ့အခမ်းအနားတွေကို ကောင်းကောင်းမွန်မွန် ကျင်းပပြီး လှုံဆော်ပညာပေးသင့်ပါတယ်။

ဒု-ဗိုလ်မှုးကြီး အေးမြင့် ။ ။ ဗိုလ်ချုပ်က ဒို့တိုင်းပြည်ရဲ့ လွတ်လပ်ရေး ဗိသုကာ၊ ဒါတွင်မကဘူး ဒို့တပ်မတော်ရဲ့ဖခင်ကြီးဆိုတော့ ဒို့ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျဆုံးတဲ့နေ့ အာဇာနည်နေ့မှာတော့ တပ်တိုင်းတပ်တိုင်းက ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ စစ်ရေးပြအခမ်းအနားတွေ လုပ်ကြတာပေါ့လေ။ နောက် တပ်ထဲမှာ ဆွမ်းကျွေးတာတို့ ထုံစံအတိုင်း လုပ်ကြတာပေါ့။

ဟိုတုန်းက ဘာမလုပ်ရ ညာမလုပ်ရဆိုတာ တပ်ထဲမှာ တခါမှ အထက်ဌာနချုပ်တွေက ညွှန်းကြားပြီး ပိတ်ပင်တာ တခါမှမရှိခဲ့ဘူး။ ဒီခေတ်မှာရှိနေတာ အတော်အံ့သြဖို့ကောင်တယ်။

ဗိုလ်မှုး အောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်စောမောင် လက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်နေဝင်း ပုံနှစ်ပုံအောက်မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ဓါတ်ပုံကို ထားပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာတဲ့ အချိန်အခါကစပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းပုံလည်း မမြင်ချင်ဘူး၊ ဗိုလ်ချုပ်နေဝင်းပုံလည်း မမြင်ချင်ဘူး၊ ငါပုံ တပုံတည်းပဲ ချိတ်ရမယ်။ အစည်းအဝေးခန်းမတွေ နိုင်ငံတော် အခမ်းအနားတွေမှာ သူပုံတပုံတည်းကလွဲလို့ ဘယ်ပုံမှ မချိတ်ရဘူးဆိုပြီးတော့ ညွှန်းကြားခဲ့ပါတယ်။

တပ်မတော်မှာ နေ့စဉ် တန်းစီ အလေးပြုတဲ့အခါမှာ ယခင်အချိန်က ဗိုလ်ချုပ်မှုးကြီး စောမောင်လက်ထက်ထိ ဗိုလ်ချုပ်အောင်ဆန်းတကွ ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား အလေးပြုဆိုပြီးမှ အလေးပြုရပါတယ်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တက်လာတဲ့နောက်ပိုင်းမှာတော့ ဒီ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ရှေ့ကစကားလုံးကို ဖြုတ်ခိုင်းပါတယ်။

ဗိုလ်ချုပ်နေဝင်းလက်ထက်မှာပင် ဗိုလ်ချုပ်အောင်ဆန်းကို ပစ်ပယ်ခဲ့ခြင်းမရှိပါဘူး။ ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ စစ်တပ်၊ အရပ်ဖက်ရုံးတွေမှာ အာဇာနည်နေ့မှာ သံဃာတော်တွေကို တပ်တိုင်းက ဆွမ်းကျွေးပြီးတော့ အမျှပေးဝေခဲ့တဲ့ အစဉ်အလာရှိခဲ့ပါတယ်။ ယနေ့ခေတ် ဗိုလ်ချုပ်ကြီး သန်းရွှေ တက်လာပြီးကတည်းက မလုပ်ရဘူးအမိန့်နဲ့ ပျောက်ကွယ်ခဲ့ရပါတယ်။

တပ်မတော်အရာရှိဟောင်းတဦး။ ။ ကျနော်တို့ ဖခင်ဗိုလ်ချုပ်၊ တပ်မတော်ဗိုလ်ချုပ်၊ နိုင်ငံခေါင်းဆောင်ဗိုလ်ချုပ်ကို ကျနော်တို့ကတော့ အလေးပြုပါတယ်။ ဘယ်တော့မှလည်း မေ့ပျောက်မှာ မဟုတ်ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG