သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်


မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူတာတွေဟာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အတွက် မကျင့်သုံးသင့်ဘူးလို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီ၀ (Abhisit Vejjajiva) က ပြောလိုက်ပါတယ်။ ဒဏ်ခတ်အရေးယူမှုက ပြဿနာ မဖြေရှင်းနိုင်ရင် ASEAN အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့က ချမှတ်ကျင့်သုံးနေတဲ့ အပြုသဘောဆောင် ဆက်ဆံရေး ကနေ မြန်မာနိုင်ငံ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကြိုးပမ်းလုပ်ဆောင်သင့်တယ်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က တုံ့ပြန်ပြောဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြ ပေးထားပါတယ်။

အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ပြောကြားတဲ့ သူ့ရဲ့ သီတင်းပတ်စဉ် ရေဒီယိုမိန့်ခွန်းထဲမှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီဝက မြန်မာနိုင်ငံပေါ် ဒဏ်ခတ်အရေးယူမှု ချမှတ်တာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားသွားတာပါ။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးတွေ၊ ဆွေးနွေးဖက် နိုင်ငံတွေနဲ့ အစည်းအဝေးတွေ၊ အာဆီယံ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပနေတဲ့ အချိန်မှာပဲ ထိုင်းဝန်ကြီးချုပ်က အခုလို ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံပေါ် အဓိက ဒဏ်ခတ်အရေးယူထားတဲ့ အမေရိကန်ပြည်ထောင်စုက သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်ပြီး သုံးသပ်နေတယ်ဆိုတဲ့ အချိန်ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒဏ်ခတ်အရေးယူတာက ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး ဆိုရင်လည်း အာဆီယံက တောက်လျှောက် ကျင့်သုံးလာခဲ့တဲ့ အပြုသဘောဆောင် ဆက်ဆံရေးနဲ့ မြန်မာ့ပြဿနာတွေ ဖြေရှင်းနိုင်အောင် ထိထိရောက်ရောက် လုပ်ဆောင်သင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်တဲ့အထိရောက်အောင် တွေ့ဆုံ ဆွေးနွေးရေးကို အမြန်ဆုံး ဖြစ်ပေါ်နိုင်အောင် လုပ်ဖို့ သူတို့က ဝန်းရံပြီး ခေါ်ဆောင်လာမယ်ဆိုရင်တော့ ဒီ အပြုသဘော ဆောင်တဲ့ ချဉ်းကပ်မှုဟာ အောင်မြင်မှာပေါ့ဗျာ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု လိုတယ်ဆိုပြီး အာဆီယံလို အားကိုးထိုက်တဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဆွေ၊ မြန်မာနိုင်ငံနဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ရော၊ Public Relation ရောပေါ့ဗျာ၊ ပြည်သူနဲ့ပါ ထိစပ်အောင် သွားနေတဲ့ အာဆီယံဖြစ်မယ်ဆိုပြီး ကြေညာထားတဲ့အခါမှာ မြန်မာနိုင်ငံကို ဒီ့ထက်ပိုပြီး ကျယ်ပြန့်တဲ့၊ ထိရောက်တဲ့၊ လက်တွဲခေါ်ဆောင်မှုမျိုးနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ပြေလည်အောင် လုပ်ဖို့ အားကြိုးမာန်တက် ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ အာဆီယံကပြောတဲ့ စကားကို ငြင်းပယ်စရာအကြောင်း မရှိပါဘူး။”

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လုပ်ဆောင်ခဲ့တာဟာ အကျိုးမထူးသလို အိမ်နီးချင်းနိုင်ငံတွေရဲ့ ထိတွေ့ဆက်ဆံရေး မူကလည်း အလုပ်မဖြစ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း သွားရောက်ခဲ့တဲ့ အင်ဒိုနီးရှား ခရီးစဉ်တခုအတွင်း ပြောထားခဲ့ဖူးပါတယ်။

ထိုင်းဝန်ကြီးချုပ် မစ္စတာအဘီဆစ်ကတော့ ဒဏ်ခတ် အရေးယူမှုကို ဆန့်ကျင်တာဟာ အာဆီယံ တဖွဲ့လုံးရဲ့ ရပ်တည်ချက် ဖြစ်တယ်ဆိုတာ ဖော်ထုတ်သင့်တယ်လို့ ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာ စစ်အစိုးရက အရေးယူ ဆောင်ရွက်နေတာကို အာဆီယံက ကန့်ကွက်ထားခဲ့ပေမဲ့ ပြည်တွင်းရေး ဝင်စွက်ဖက်တာမျိုး ကိုတော့ လုပ်မှာမဟုတ်ဘူးလို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ရည်ညွှန်းတဲ့ အာဆီယံက ကန့်ကွက်တယ် ဆိုတာဟာ ပြီးခဲ့တဲ့ မေလက အာဆီယံ အလှည့်ကျဥက္ကဋ္ဌအနေနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ရည်ညွှန်းပုံရပါတယ်။ အဲဒီကြေညာချက်ထဲမှာ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတခု ဖြစ်တာနဲ့အညီ လူ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ မြှင့်တင်ဖို့ တာဝန်ရှိတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဟာ အာဆီယံရဲ့ မူဖြစ်တဲ့ ပြည်တွင်းရေး ဝင်မစွက်ရ ဆိုတာကို ချိုးဖောက်တယ် ဆိုပြီး မြန်မာစစ်အစိုးရဘက်ကနေ ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ အစိုးရအချင်းချင်းသာ ထိတွေ့ဆက်ဆံပြီး အစိုးရတွေရဲ့ စကားသက်သက်ကိုသာ နားထောင်နေတာ ထက် အဖွဲ့ဝင်နိုင်ငံတွေက လူထုတွေ ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ် ဆိုတာကိုလည်း နားထောင်ပြီးတော့ လုပ်မယ် ဆိုရင် ပိုပြီး ထိရောက် အောင်မြင်နိုင်ပါတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“အစိုးရချင်း ဆက်ဆံတာထက်စာရင် ပြည်သူချင်း ပြည်သူချင်း၊ ပြည်သူနဲ့ အာဆီယံနိုင်ငံ အစိုးရတွေနဲ့ ထိစပ်ပြီး ပြည်သူ တွေ ဘာလိုချင်တယ်ဆိုတာကို တကယ်တမ်း သိအောင်လုပ်ပြီး တကယ်တမ်း အချိန်တိုတိုတွင်းမှာ ထိရောက်တဲ့ ဖော်ဆောင်မှုတွေကို လုပ်ပေးနိုင်မယ်ဆိုရင်တော့ အကျိုးရလဒ်တွေ ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီလိုမဟုတ်ဘဲ အနောက်ဘက်ကပြောတဲ့ Pressure တွေကို ဆန့်ကျင်မယ်၊ အာဆီယံ အသိုင်းအဝိုင်းက အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု ပဲ လိုချင်တယ်ဆိုပြီး ဒီနှစ်ခုကြားထဲမှာပဲ အငြင်းအခုံ လုပ်နေမယ်ဆိုရင်တော့ မြန်မာနိုင်ငံအရေးဟာ ရှေ့မတိုး နောက် မဆုတ်နဲ့ အင်မတန် ဝမ်းနည်းဖွယ်ရာ အနေအထားက တက်မယ်လို့ ကျနော် မထင်မိပါဘူး။”

NLD သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ထဲက တချို့နိုင်ငံတွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် တနိုင်ငံချင်း သီးခြားပြောဆိုတာနဲ့ တဖွဲ့လုံး အနေနဲ့ ပြောဆိုတာမှာ အမြဲလို ကွာခြားလေ့ရှိပါတယ်။ အာဆီယံနိုင်ငံတွေထဲက အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေဟာ တနိုင်ငံချင်းအနေနဲ့ ပြောဆိုတဲ့ အခါမျိုးမှာ ဝေဖန်ပြောဆိုတာတွေ ရှိတတ်ပေမဲ့ အာဆီယံအဖွဲ့အနေနဲ့ ဆိုရင်တော့ အားလုံးလေသံအတိုင်းပဲ လိုက်ပြီးပြောဆိုကြပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီဝဟာ မြန်မာနိုင်ငံကို ဒီလကုန်မှာ သွားရောက်ဖို့ ရှိတယ်လို့ သိထားရပြီး ခရီးစဉ် အသေးစိတ်ကို နှစ်ဖက် အပြန်အလှန် ညှိနှိုင်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဗွီအိုအေကို ပြောထားဖူး ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG