အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ၆၂ နှစ်မြောက် အာဇာနည်နေ့ အကြောင်း မြန်မာပြည်တွင်း ဂျာနယ်တွေမှာ ရေးသားချက်တွေအပေါ် စာပေစီစစ်ရေးက တင်းတင်းကြပ်ကြပ် ကန့်သတ်ခဲ့တဲ့အကြောင်း ပြည်တွင်း သတင်းထောက်တယောက်က ဗွီအိုအေကို ပြောဆိုပါတယ်။
၁၉၄၇ ခုနှစ် ဂျုလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ခေါင်းဆောင်ကိုးယောက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာကြောင့် ဂျုလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း အောင်းမေ့ဘွယ် အခမ်းအနားတွေ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပနေတဲ့အချိန်မှာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အင်းစိန်ထောင်အတွင်းမှာ ချုပ်နှောင်ပြီး ရုံးတင် တရားစွဲဆိုနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
စစ်အစိုးရအဆက်ဆက်ဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့  အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်နေပြီး အာဇာနည်နေ့ အခမ်းအနားတွေကို ၀တ်ကျေတန်းကျေ သာ ကျင်းပနေတယ်လို့ လူအများက ဝေဖန်နေကြပါတယ်။စာသား