သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ မြောက်ကိုရီးယား စစ်ရေးပူးပေါင်းမှု ဒေသတွင်း တည်ငြိမ်ရေး ခြိမ်းခြောက်နိုင်


မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အာရှဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်နိုင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။ အိန္ဒိယနိုင်ငံကနေ ထိုင်းနိုင်ငံကို ရောက်လာပြီးတဲ့နောက် ထိုင်းဝန်ကြီးချုပ်နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ကလင်တန်က မြန်မာ့အရေးကို ပြောဆိုသွားတာပါ။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား နိုင်ငံအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု သတင်းတွေ ပိုတိုးလာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အချိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ထိုင်းနိုင်ငံကို ရောက်လာခဲ့တာပါ။ ထိုင်းနိုင်ငံ ဖူးခက် အပန်းဖြေဆိပ်ကမ်းမှာ ကျင်းပမယ့် အာဆီယံ ဒေသဆိုင်ရာ လုံခြုံရေး အစည်းအဝေးကို သူ တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီနေ့ညနေ ထိုင်းနိုင်ငံကိုရောက်ပြီး နာရီပိုင်း အတွင်းမှာပဲ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီ၀ (Abhisit Vejjajiva) နဲ့ တွေ့ဆုံပြီး ထိုင်းအစိုးရ အိမ်တော်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယားရဲ့ စစ်ရေးဆက်ဆံရေးဟာ ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်နိုင်သလို စိုးရိမ်မိတဲ့အကြောင်း အခုလို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၈၄၇ ကို လိုက်နာဖို့ မြန်မာစစ်အစိုးရကို တိုက်ရိုက်ဖြစ်စေ၊ ဒေသတွင်း မဟာမိတ် နိုင်ငံတွေကတဆင့် တိုက်တွန်း တောင်းဆိုတာတွေ လုပ်နေပါတယ်။”

မြောက်ကိုရီးယားအပေါ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ ဒုံးလက်နက်တွေ ပြည်ပနိုင်ငံတွေကို မတင်ပို့ရေး ကန့်သတ်ထားချက်တွေကို မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ဖို့အတွက် ဟီလာရီ ကလင်တန်က ပြောဆိုသွားတာပါ။ မကြာသေးခင်က စစ်လက်နက်တွေ တင်ဆောင်လာတယ်လို့ သံသယရှိတဲ့ မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစင်း မြန်မာနိုင်ငံဘက်ကို ဦးတည်ခဲ့ပြီး ပြန်လှည့်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ …

“မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှမျှတတ ပြုမူဆောင်ရွက်မယ်လို့ ကျမတို့ မျှော်လင့်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုနေတာတွေဟာ အခြေအမြစ် မရှိပါဘူး။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ သက်သေပြနိုင်တဲ့ တိုးတက်မှုတွေ ရှိလာခဲ့မယ်ဆိုရင် အမေရိကန် ပြည်ထောင်စု အနေနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်လို့ ဟီလာရီ ကလင်တန်က ပြောပါတယ်။ သက်သေပြနိုင်တဲ့ တိုးတက်မှုတွေဆိုတာ နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးမှုတွေက ရပ်ဖို့၊ တိုင်းရင်းသား လူမျိုးစုတွေ အပါအဝင် ကိုယ့်တိုင်းပြည်က ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့ကို မြန်မာနိုင်ငံဘက်က လုပ်ဆောင်ပြရမယ့် အချက်တွေလို့ ဟီလာရီ ကလင်တန်က ပြောသွားပါတယ်။

မနက်ဖြန်မှာ ဟီလာရီ ကလင်တန်ဟာ ထိုင်းနိုင်ငံ ဖူးခက် အပန်းဖြေစခန်းမှာ ကျင်းပမယ့် ARF အာဆီယံ ဒေသတွင်း လုံခြုံရေး အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေး အတွင်းမှာလည်း မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒေသတွင်း အကဲခတ်တွေကတော့ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ မြောက်ကိုရီးယား အကူအညီနဲ့ စစ်အစိုးရက တူးမြောင်းတွေ တူးနေတယ်၊ လိုဏ်ဂူတွေ တူးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာတွေကလည်း အမေရိကန် အရာရှိတွေကြားမှာ စိုးရိမ်စရာဖြစ်မယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုက သုတေသနမှူး တဦးဖြစ်တဲ့ ဦးဌေးအောင်ကတော့ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး အခြေအနေက ဒေသတွင်း နိုင်ငံတွေကြားမှာလည်း စိုးရိမ်မှုတွေ ရှိနိုင်တဲ့ အနေအထားဆိုပြီး သုံးသပ်ပါတယ်။

“မြောက်ကိုရီးယားနဲ့ နအဖစစ်အစိုးရနဲ့ ဆက်ဆံရေးကတော့ နီးနီးကပ်ကပ် ဆက်ဆံရေး ရှိတယ်။ နောက်တခုကလည်း နျူကလီးယားကိစ္စတွေ၊ ဒုံးကျည်ကိစ္စတွေ အပါအဝင် မြောက်ကိုရီးယားက နည်းပညာတွေရော၊ လက်နက် အစိတ်အပိုင်းတွေရော ဗမာစစ်အစိုးရကို ရောင်းချနေတယ် ဆိုတဲ့ဟာတွေကလည်း ထင်ထင်ရှားရှား ပေါ်ထွက်နေတာ ရှိတယ်။ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ကတော့ ဒေသတွင်း တည်ငြိမ်မှုကို တစုံတရာ အနှောင့်အယှက် ဖြစ်လာပြီဆိုတာ ထင်ရှားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်ဆိုရင် မြောက်ကိုရီးယားကို စိုးရိမ်နေရတဲ့ အနေအထားပေါ့။

“ဗမာစစ်အစိုးရက အခုလက်ရှိ အနေအထားမှာတော့ အိမ်နီးချင်း နိုင်ငံတွေက ဒေသတွင်းကို ခြိမ်းခြောက်မှု မရှိသေးပါဘူးလို့ တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံ တချို့ကတော့ ပြောတုန်းပဲ။ ဒါပေမယ့် ထိုင်းနိုင်ငံ အနေနဲ့ကြတော့ ဗမာစစ်အစိုးရရဲ့ လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေရတဲ့ အနေအထားမျိုး၊ သတိထားနေရတဲ့ အိမ်နီးချင်း နိုင်ငံမျိုး ဖြစ်နေတာကို တွေ့ရတယ်။

“အဲတော့ မြောက်ကိုရီးယားနဲ့ ဗမာစစ်အစိုးရရဲ့ ဆက်ဆံမှုတွေက ဘာပဲဖြစ်ဖြစ် တဖြည်းဖြည်းနဲ့ ဒေသတွင်းကို စိုးရိမ်စိတ်တွေ ပွားများလာစေပြီ၊ နောက်တခုကလည်း လက်နက် ယှဉ်ပြိုင်မှုတွေ ဖြစ်ပေါ်လာတဲ့ အနေအထားမျိုးကို ဦးတည်နေပြီ ဆိုတာကိုတော့ ကျနော်တို့ ယေဘုယျ ပြောလို့ရပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ARF အာဆီယံ ဒေသတွင်း လုံခြုံရေး အစည်းအဝေးကို တက်ရောက်ပြီး အာရှနိုင်ငံတွေနဲ့ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။ အရင် သမ္မတဘုရှ် လက်ထက်တုန်းကတော့ နှစ်နိုင်ငံကြားခြင်း ဆက်ဆံရေးမျိုးကိုပဲ ဦးစားပေးခဲ့ပြီး ဒီလို ဒေသတွင်း နိုင်ငံတွေ တစုတဝေးနဲ့ အမေရိကန် ပြည်ထောင်စုကြားမှာ လက်မှတ်ရေးထိုးခဲ့တာတွေ မရှိပါဘူး။

ဖူးခက်မှာ အစည်းအဝေး တက်ရောက်နေတဲ့ ကာလအတွင်း အာရှဒေသ၊ အာဆီယံဒေသ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ သီးခြားတွေ့ဆုံမယ့် အစီအစဉ်တွေကိုလည်း ဟီလာရီ ကလင်တန်က သူ့ရဲ့ ခရီးစဉ်ထဲမှာ ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကိုတော့ တွေ့ဆုံမယ့် စာရင်းထဲမှာ အခုထိ မတွေ့ရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG