အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သက္ကရာဇ် ၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာရဲ့ ယုံကြည်ကိုးစား လက်ခံမှု ရရှိဖို့ မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရမယ်လို့ တောင်းဆိုလိုက်ပါတယ်။ ဒီသီတင်းပတ်အတွင်း ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ ကျင်းပနေတဲ့ အာဆီယံ ညီလာခံအတွင်းမှာပဲ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့လည်း အင်ဒိုနီးရှားက ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ဖူးခက် အပန်းဖြေစခန်းက ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ဝိရာယုဒ (Hassan Wirajuda) က အင်္ဂါနေ့က မြန်မာစစ်အစိုးရကို အခုလိုပဲ ပြတ်ပြတ်သားသား အသိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိဖို့က နေအိမ်အကျယ်ချုပ် ကျခံစဉ် တားမြစ်မိန့် ချိုးဖောက်တယ်ဆိုပြီး အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အုပ်စုအားလုံးတို့ အကန့်အသတ်မရှိ ပါဝင်ခွင့် ရကြရမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
“မြန်မာအစိုးရကို ကျနော်တို့ တိုက်ရိုက်ပြောနေတာကတော့ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့လူ့အဖွဲ့အစည်းက အားလုံး ပါဝင်ခွင့် ရကြရမယ် ဆိုတာပါပဲ။”
ထိုင်းနိုင်ငံ ဖူးခက် အပန်းဖြေစခန်းမှာ ဒုတိယနေ့မြောက် ကျင်းပတဲ့ အရှေ့တောင်အာရှ အာဆီယံ အသင်းကြီးရဲ့ နိုင်ငံခြားရေး ဝန်ကြီးများအဆင့် ညီလာခံမှာ မစ္စတာ ဝိရာယုဒက အခုလို ကောက်ချက်ချ ပြောကြားသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သက္ကရာဇ် ၂၀၁၀ မှာ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကတိပေးထားတဲ့ ရွေးကောက်ပွဲဟာလည်း နိုင်ငံတကာက အသိအမှတ်ပြု လက်ခံနိုင်တဲ့ အဆင့်အနေအထား ရှိမရှိကို အနီးကပ် စောင့်ကြည့် လေ့လာသွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ ဝိရာယုဒက ပြောခဲ့ပါတယ်။
“ဒါဟာ စမ်းသပ်မှုကြီး တရပ်ပါပဲ။ မြန်မာအစိုးရက ကျင်းပပေးမယ်လို့ ကတိပေးထားတဲ့ ရွေးကောက်ပွဲဟာ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ပါတီစုံ ရွေးကောက်ပွဲ ဖြစ်မလား၊ ရွေးကောက်ပွဲ ဖော်ဆောင်မှုဟာ တကယ်ပဲ ဒီမိုကရေစီနည်းလမ်း ကျမလား၊ ကျနော်တို့ စောင့်ကြည့်ရမှာပါ။ နိုင်ငံတကာက လက်ခံနိုင်မယ့် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ဖြစ်မယ့် အလားအလာ ခိုင်မာတဲ့ ဖော်ဆောင်မှု ဖြစ်လာမလား ဆိုတာကို အခုအချိန်ကစပြီး လာမယ့် သက္ကရာဇ် ၂၀၁၀ ခုနှစ်အထိ ကျနော်တို့ စောင့်ကြည့်သွားရမှာပါ။”
နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ရှိနေတဲ့ မြန်မာနိုင်ငံလို အခြေအနေမျိုးအပေါ် အာဆီယံ အသင်းကြီးရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ အင်ဒိုနီးရှားက ဖိအားပေးခဲ့တာ တွေ့ရပါတယ်။ အာဏာရှင် စစ်အစိုးရ အုပ်ချုပ်မှုကနေ ဒီမိုကရေစီကို ကူးပြောင်းရာမှာ အောင်မြင်တဲ့ အာရှစံပြနိုင်ငံအဖြစ် ရှုမြင်ခံရတဲ့ အင်ဒိုနီးရှားအနေနဲ့ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေအပေါ် ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ခဲ့တာ တွေ့ရပါတယ်။
နောင်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် မြန်မာစစ်အစိုးရက ပုံစံချ စီစဉ်နေစဉ်မှာပဲ အမေရိကန် နိုင်ငံသား ဂျွန် ယက်ထော (John Yettaw) က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ အမှုနဲ့ ပတ်သက်လို့ ကာယကံရှင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဟာ စွဲချက်တင်ခံထားရပြီး အခု အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံထားရကာ အမှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအမှုဟာ မြန်မာစစ်အစိုးရက ဉာဏ်ဆင်တာလို့ လူ့အခွင့်အရေး အုပ်စုတွေနဲ့ အနောက်နိုင်ငံ အစိုးရတွေက ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။
အခုလို လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကြောင့် အာဆီယံ အသင်းကြီးအနေနဲ့ အဖွဲ့ဝင် နိုင်ငံများအကြား ပြည်တွင်းရေး ဝင်မစွက်ရမူကို သွေဖည်ပြီး မြန်မာစစ်အစိုးရအပေါ် ပြောဆိုဝေဖန်မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို မဖြေရှင်းပေးနိုင်သရွေ့ အာဆီယံအနေနဲ့ ကမ္ဘာကို မြန်မာ့အကြောင်း ရှင်းပြနေရမယ့် ဝန်ထုပ်ကြီး ပိနေမှာဖြစ်တယ် ဆိုတာကို အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) ကလည်း တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ရှိပါတယ်။ နိုင်ငံခြားရေး မူဝါဒကို ပြန်လည်သုံးသပ်နေတဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာရဲ့ ကမ်းလှမ်းချက်တွေကို လက်ခံဖို့ မြန်မာစစ်အစိုးရကို အာဆီယံ အသင်းကြီးက ကြိုးစား နားချနေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
“ဒါဟာ အခွင့်ကောင်း တရပ်ပါပဲ။ ဒီအခွင့်ကောင်းမျိုး ပွင့်လာတာကို မြန်မာနိုင်ငံအနေနဲ့ ယူတတ်ဖို့ အာဆီယံအနေနဲ့တော့ အတော်လေး နားချရဖို့ ရှိပါတယ်။ နိုင်ငံတကာရဲ့ မျှော်လင့်ချက်တွေနဲ့ အာဆီယံက အကူအညီပေးတယ် ဆိုတာတွေကို ကြိုးစားလက်ခံဖို့ ဒါဟာ အချိန်ကောင်း ဖြစ်တယ်ဆိုတာကို ကျနော်တို့က မြန်မာအစိုးရ နားလည်အောင် ပြောနိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။”
အိုဘားမား အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရက ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ အလုပ်မဖြစ်သလို ဆက်ဆံနေထိုင်တာဟာလည်း အရာမရောက်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ နိုင်ငံခြားရေး ပေါ်လစီကို ပြန်လည်သုံးသပ်နေဆဲ ဖြစ်ပါတယ်။
ဒီအတောအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) အနေနဲ့ ဒီနေ့ ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီ၀ (Abhisit Vejjajiva) နဲ့ တွေ့ဆုံခဲ့သလို ထိုင်း ဒုတိယ ဝန်ကြီးချုပ်နဲ့လည်း ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီး ကလင်တန်အနေနဲ့ ဖူးခက်ကို ဇူလိုင်လ ၂၁ ရက်နေ့ သွားရောက်မှာဖြစ်ပြီး အဲဒီမှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အကြောင်းအပြင် မြောက်ကိုရီးယား အကြောင်းတို့ကိုလည်း အလေးပေး ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) ကတော့ အာဆီယံရဲ့ အနာဂတ်ရေးမှာ မြန်မာ့နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်ရေးဟာ သော့ချက်ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။