သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသွင်းကုန် ပိတ်ဆို့မှု အောက်လွှတ်တော် သက်တမ်းတိုး


မြန်မာနိုင်ငံက သွင်းကုန်တွေကို ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှု ဥပဒေကို မကြာသေးခင် အချိန်ကပဲ အမေရိကန် အောက် လွှတ်တော်ကနေ ကန့်ကွက်သူမရှိ နောက်တနှစ် သက်တမ်းတိုးဖို့ အတည်ပြုလိုက်ပါတယ်။ အောက်လွှတ်တော် အစည်းအဝေးနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေပါ သွင်းကုန် ကန့်သတ် ချက် အရေးယူဖို့အတွက် နောက်တနှစ် သက်တမ်းတိုးဖို့ အမေရိကန် စံတော်ချိန် အခု ညနေပိုင်းမှာပဲ အမေရိကန် အောက် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာပါ။ ဒီဥပဒေအရဆိုရင် မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့၊ မြန်မာနိုင်ငံမှာ တပ်ဆင်တဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ တွင်းထွက်ပစ္စည်းတွေ၊ အခြား မြန်မာနိုင်ငံ ထွက်ကုန် ပစ္စည်းမှန်သမျှ အမေရိကန် ပြည်ထောင်စုကို သွင်းကုန် တင်သွင်းတာကို ပိတ်ပင်ထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ဖြစ်နေတာကြောင့် မြန်မာစစ်အစိုးရကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်သွားဖို့ လိုအပ်တယ်လို့ မစ်ချီဂန်ပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဆန်ဒါ လီဗင် (Sander Levin) က အခုလို အောက်လွှတ်တော် အစည်းအဝေးမှာ တင်ပြသွားခဲ့ပါတယ်။

“အရပ်သားတွေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို စစ်အစိုးရအနေနဲ့ ဥပဒေမဲ့ ဖမ်းတာ ဆီးတာတွေ လုပ်နေပါတယ်။ မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတဲ့ အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနားကို လာရောက်ခဲ့ကြတဲ့ နိုင်ငံရေး လှုပ်ရှားသူ ၅၀ လောက်ကိုလည်း အခု ပြီးခဲ့တဲ့ ရက်တွေအတွင်းကပဲ ယာယီ ထိန်းသိမ်းခဲ့ပါတယ်။ ထောင်တွေထဲ မှာဆိုလည်း သူတို့ကို နှိပ်စက်တာတွေ၊ အစာရေစာ၊ ဆေးဝါး မပေးဘဲ ထားတာတွေ၊ စတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိနေပါ တယ်” လို့ ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဆန်ဒါ လီဗင် ပြောသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် နယ်စပ် တိုင်းရင်းသား ဒေသတွေမှာလည်း အရပ်သား ပြည်သူတွေကို မြန်မာစစ်တပ်က စစ်ဆင်နေတဲ့ကိစ္စ၊ ညှဉ်းပမ်းနှိပ်စက်နေတဲ့ ကိစ္စနဲ့ အခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြပြီး ဒီဥပဒေကို ဆက်ပြီး အတည်ပြု သွားဖို့ လိုမယ်ဆိုပြီး အခြား လွှတ်တော်အမတ်တွေကိုလည်း တိုက်တွန်းသွားပါတယ်။

တက္ကဆက်ရဲ့ ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် ကီဗင် ဘရတ်ဒီ (Kevin Brady) ကလည်း မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံတကာနဲ့ ထိစပ် ဆောင်ရွက်မှုကို ငြင်းပယ်နေတယ်လို့ အခုလို ပြောသွားပါတယ်။

“အတိအကျ ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကိုယ်တိုင် တောင်းဆိုနေတာတွေကို မြန်မာစစ်အစိုးရဘက်က လျစ်လျူပြုထားပါတယ်။ ဒါတင်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုတာကိုလည်း ငြင်းပယ်ခဲ့ပါတယ်။” လို့ အောက်လွှတ်တော်အမတ် ကီဗင် ဘရတ်ဒီက ပြောသွားပါတယ်။

တကမ္ဘာလုံးက၊ အထူးသဖြင့် အာရှဒေသက တရုတ်နဲ့ အာဆီယံတို့ကပါ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဖိအား ပေး ဆောင်ရွက်မှုတွေမှာ ပါဝင်လာဖို့ လိုတယ်၊ ဒီ့အတွက် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) အနေနဲ့ အခု အာရှခရီးစဉ် ရောက်တုန်းမှာလည်း ဆောင်ရွက်ဖို့ လိုမယ်ဆိုပြီး ပြောသွားပါတယ်။

ဒါ့အပြင် နယူးယောက်ခ် ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ ဂျိုးဇက် ခရိုလေ (Joseph Crowley) ကလည်း မြန်မာနိုင်ငံအရေးမှာ နိုင်ငံပေါင်းစုံ ပါဝင်မှဖြစ်မယ်ဆိုပြီး အခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံ အပြောင်းအလဲအတွက် နိုင်ငံပေါင်းစုံ ဆောင်ရွက်မှဖြစ်မယ်ဆိုပြီး မျှော်လင့်ထားပါတယ်။ တကမ္ဘာလုံးက၊ အထူးသဖြင့် တရုတ်နဲ့ အာဆီယံအနေနဲ့ မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဖိအားတွေ ပေးသွားဖို့ လိုပါတယ်။ အခု ဒီ ဥပဒေဟာ နိုင်ငံပေါင်းစုံ ပါဝင်လာဖို့ အခွင့်အလမ်း ပေးထားတာကြောင့် ဒီဥပဒေကို ကျနော့်အနေနဲ့ ထောက်ခံတင်သွင်းပါတယ်။”

ဂျိုးဇက် ခရိုလေဟာ ဒီဥပဒေကို နောက်ထပ် တနှစ် သက်တမ်းတိုးဖို့အတွက် အဆိုပြု တင်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။ ဒီ့နောက် ဒီဥပဒေနဲ့ ပတ်သက်ပြီး အသံနဲ့ မဲခွဲတဲ့နေရာမှာတော့ ကန့်ကွက်သူမရှိဘဲ နောက်ထပ် ဒီဥပဒေကို တနှစ်သက်တမ်း တိုးဖို့အတွက် အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေကိုတော့ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုအနေနဲ့ အမေရိကန် ပြည်ထောင်စုက အတည်ပြု ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG