သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြီးသတ် လျှောက်လဲချက် ဆွေးနွေးဖို့ ရှေ့နေတွေ ဒေါ်စု နဲ့ တွေ့ခွင့်မရ


ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အပေါ် တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ သူ့ရဲ့ရှေ့နေတွေက တိုင်ပင်ဆွေးနွေးခွင့် တောင်းခံထားတာကို အာဏာပိုင်တွေက လက်မခံ ပယ်ချ လိုက်ပါတယ်။ တရားခွင် ကြားနာမှုတွေ အဆုံးသတ်ဖို့ နီးလာချိန် ဒီလို ငြင်းပယ်လိုက်တာမို့လည်း ဒါဟာ တရားစွဲဆို အပြစ် ပေးခံရမယ့်အရေး ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှု အဖြစ် သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေက ရှုမြင်နေကြတာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဥပဒေချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုတာတွေနဲ့ ရင်ဆိုင်နေရတဲ့ အမှုအတွက် ၂ ဘက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့ ပြင်ဆင်နေတာမို့ အမှုသည်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဥပဒေရေးရာ ဆွေးနွေးမှု တွေ လုပ်ဖို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံခွင့် တောင်းခံထားပေမဲ့ ဒါကို အာဏာပိုင်တွေက ခွင့်မပြုပဲ ငြင်းပယ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံချေပပေးမယ့် သက်သေ ၂ ဦးထဲက သူ့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ရှမ်းပြည်နယ် တောင်ကြီးမြို့က ဥပဒေ ပညာရှင် ဒေါ်ခင်မိုးမိုး ဒီလ ၁၀ ရက်နေ့တုန်းက ရုံးတော် ရှေ့မှောက် ထွက်ဆိုပြီးတဲ့နောက် အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့ လာမယ့် သောကြာနေ့ကို ရက်ချိန်း ပေး ထား တာပါ။ ဒီအတွက်လည်း သူ့ရဲ့ ဥပဒေ အကျိုးဆောင်တွေက တင်သွင်းမယ့် လျှောက်လဲချက်နဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ တောင်းခံထားတာဖြစ်ပေမဲ့ ဒါကို အခုနောက်ဆုံး ငြင်းပယ်ခံခဲ့ရတာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း က ပြောပါတယ်။

“တနင်္လာနေ့က ကျွန်တော်တို့ အကျဉ်းထောင်မှာ စာတင်ထားတယ်လေ။ ဒီနေ့မှာ ကျနော်တို့ အပြီးသတ် လျှောက်လဲချက် အတွက် နောက်ဆုံးအတည်ပြုချက် ရယူဖို့ပေါ့။ မနေ့ညကတော့ သူတို့က အကြောင်းကြားပါတယ်။ အဲဒီ တင်ထားတဲ့ဟာကို ခွင့်မပြုပါဘူးတဲ့။”

ဒေါ်အောင်ဆန်းစုကြည် အတွက် အပြီးသတ် လျှောက်လဲချက် တင်ဖို့ ၂ ရက်သာ လိုတော့တဲ့ အချိန်မှာ ကာယကံရှင် ဖြစ်သူနဲ့ ဆွေးနွေးခွင့်ကို ဒီလို ငြင်းပယ် လိုက်တာကြောင့် ဥပဒေကြောင်းအရ ခံစားခွင့်တွေ ဆုံးရှုံးရမယ့် အခြေအနေ ဖြစ်နေတယ်လို့လည်း ဦးဥာဏ်ဝင်း က ဆိုပါတယ်။

“ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးအတည်ပြုချက် မရတဲ့ လျှောက်လဲချက်ပဲ ကျွန်တော်တို့လက်ထဲမှာ ရှိတာပေါ့။ ဒါပဲ တင်ရမှာပေါ့။ အပြည့်အစုံ တိုင်ပင်ဆွေးနွေးခွင့်မရဘူးလို့ ပြောရင် ရပါတယ်။ သူ့အတွက် လျှောက်လဲချက် ကို နောက်ဆုံး အတည်ပြုချက်မရတဲ့ လျှောက်လဲချက် တင်ခဲ့ရတဲ့ အခြေအနေမှာ သူဟာ ခုခံပိုင်ခွင့် အပြည့်အ၀ ရတယ်လို့ ကျနော်တို့ သတ်မှတ်လို့ မရပါဘူး”

အကျယ်ချုပ် ကျခံနေရတဲ့အချိန်မှာ တားမြစ်ချက်ကို ချိုးဖောက်ပြီး နေအိမ်ကို ရေကူးဝင်လာသူ အမေရိကန် နိုင်ငံသား တဦးကို လက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆို အရေးယူဖို့ လုပ်ဆောင်နေပေမဲ့ ဒါဟာ အကျယ်ချုပ် သက်တမ်း စေ့တော့မယ့် အချိန် အာဏာပိုင်တွေဖက်က အချိန်ကိုက် ဆောင်ရွက်ချက်တခုအဖြစ်နဲ့ အများက သံသယ၀င် နေကြတာပါ။ ဥပဒေ အကျိုးဆောင်တွေနဲ့ ခုခံချေပဖို့ ကျိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒါဟာ နိုင်ငံရေး နောက်ခံ တွေရှိတဲ့ အမှုအဖြစ် ရည်ညွှန်းပြောဆိုထားတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀န်းကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆိုတာတွေ စတင်လုပ်ဆောင်လာချိန်ကစလို့ ပြစ်တင်ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ တာပါ။ အခုဆိုရင်လည်း ထိုင်းနိုင်ငံ ဖူးခက်အပမ်းဖြေ ကမ်းခြေမြို့မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဒေသတွင်းလုံခြုံရေး ဆွေးနွေးပဲကို တက်ရောက်ဖို့ ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ နဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်မှုတွေ လုပ်နေတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ကို ကြားနာစစ်ဆေးမှုတွေက သက်ရောက်မှုတွေ ရှိမယ့်အကြောင်းလည်း မနေ့တုန်းက ထိုင်းနိုင်ငံကို ခရီးရောက်မဆိုက် ပြောခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် ဦးဥာဏ်ဝင်း ကတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အရေးယူ အပြစ်ပေးတာမျိုး လုပ်လာမယ်ဆိုရင် အကျိုးဆက်တွေ ကြီးကြီးမားမား ရှိလာမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဒီအမှုက ဘယ်လိုပဲ ပြောပြော နိုင်ငံရေး အမှုပဲ။ ဘာကြောင့် နိုင်ငံရေးအမှုလို့ ကျနော် ပြောရသလဲဆိုရင် ဒီ ဥပဒေကိုက နိုင်ငံရေးဆိုင်ရာ ပြစ်မှုဥပဒေ။ အခု စွဲထားတာကလည်း ဒီဥပဒေနဲ့ State protection act ၂၂ ဆိုတော့ ဒါ နိုင်ငံရေး အမှုပဲ။ နိုင်ငံရေးအမှု ဖြစ်တဲ့အတွက် နိုင်ငံရေးအရ တရားစွဲထားတာဖြစ်တဲ့အတွက် လက်ရှိစစ်အစိုးရကသာ နိုင်ငံရေးရာ ကိစ္စကို သူတို့ ဘယ်လို ဆုံးဖြတ်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အပြစ်ပေးခံရလို့ရှိရင်တော့ နံပါတ် ၁ မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးရဲ့ အသံဟာ ဒီအမှုမှာတင် ကြည့်လို့ရမယ်။ နံပါတ် ၂ ကတော့ ဒီဟာရဲ့ နောက်ဆက်တွဲ အဖြစ်အပျက်တွေ အများကြီးဖြစ်နိုင်တယ်လို့တော့ ခန့်မှန်းပါ တယ်။ တိတိကျကျ ဘယ်ဟာမျိုးလဲလို့ ပြောရင် ကျွန်တော်ဒီလိုတော့ မပြောနိုင်ပါဘူး။ သို့သော် ဒီဟာရဲ့ ဂယက်က ကြီးမား မယ် လို့တော့ ကျနော်တို့ ခန့်မှန်းပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန် ကီမွန်း ဟာလည်းပဲ ဒီလဆန်းပိုင်းတုန်းက သွားခဲ့တဲ့ သူ့ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ တပတ်ထဲတုန်းက လုံခြုံရေးကောင်စီကို အစီရင်ခံတဲ့ နေရာမှာ လက်ရှိ အခြေအနေမှာ၊ မြန်မာပြည်သူတွေ မျှော်လင့်နေတာတွေ လိုအပ်နေတာတွေနဲ့ နိုင်ငံတကာက စိုးရိမ်ပူပမ်မှုတွေနဲ့ ပတ်သက်လို့ လျစ်လျူရှု ထားမလား၊ တိုင်းပြည်အကျိုး ရှေ့ရှုပြီး မြန်မာစစ်အစိုးရအနေနဲ့ အကောင်းဆုံး တုံ့ပြန်ဆောင်ရွက် သွားမလား ဆိုတာတွေ ကိုတော့ ကမ္ဘာက စောင့်ကြည့်နေပါတယ်ဆိုပြီးတော့ စစ်အစိုးရအပေါ် သတိပေး ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG