သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် ကုလ အရေးယူမှု စစ်အစိုးရ လိုက်နာဖို့ ကတိပြု


ထိုင်းနိုင်ငံ ဖူးခက် ပင်လယ်အပန်းဖြေ စခန်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ဒေသတွင်း လုံခြုံရေး အစည်းအဝေးမှာ အမေရိကန်အစိုးရ ကိုယ်စားလှယ်တချို့နဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တချို့တို့ဟာ ဗုဒ္ဓဟူးနေ့ညက ထူးထူးခြားခြား သီးခြားတွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာစစ်အစိုးရအနေနဲ့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ကုန်သွယ်ရေးအရ ပိတ်ဆို့ဒဏ်ခတ်တဲ့ ဆုံးဖြတ်ချက် ၁၈၇၄ ကို ပါဝင် အကောင်အထည်ဖော်ဖို့ အမေရိကန် အရာရှိတွေက တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင် တရားရုံးမှာ စွဲချက်တင် ခံနေရတာနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ စီရင်ချက်ဟာ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ်မှာ အကျိုးဆက်တွေ အများကြီး သက်ရောက်မှုရှိနိုင်မှာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကိုယ်တိုင်တော့ မြန်မာကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ လိုက်ပါသွားခြင်း မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေက ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားအပေါ် ကုန်သွယ်ရေးအရ ပိတ်ပင်ဒဏ်ခတ်တာကို လိုက်နာဆောင်ရွက်ဖို့ ကြိုးစားသွားမယ်လို့ ပြန်လည် တုံ့ပြန်လိုက်တဲ့ အပေါ်မှာတော့ ဝန်ကြီး ကလင်တန်က ကြိုဆိုလိုက်ပါတယ်။ ဒေသတွင်း လုံခြုံရေး အစည်းအဝေး မစတင်ခင် ဗုဒ္ဓဟူးနေ့တုန်းကလည်း ဝန်ကြီး ကလင်တန်က မြန်မာစစ်အစိုးရလက်ထဲ မြောက်ကိုရီးယားက နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာတွေ ရောက်သွားနိုင်ခြေ ရှိတဲ့အပေါ်မှာ အင်မတန် စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံကို အာဆီယံကနေ ထုတ်သင့်သလားလို့ဆိုပြီး သတင်းထောက်တွေက သူ့ကိုမေးတော့ ဝန်ကြီး ကလင်တန်က ဒါဟာ စဉ်းစားသင့်တဲ့ မူဝါဒေရေးရာ ပြောင်းလဲမှုတရပ် ဖြစ်နိုင်တယ်လို့ ဖြေကြားခဲ့တာ ရှိပါတယ်။ ဒီကနေ့မှာတော့ ထိုင်း ဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီ၀ (Abhisit Vejjajiva) က ဒေါ်အောင်ဆန်းစုကြည်အမှု တခုတည်းနဲ့ ပတ်သက်တာလောက် နဲ့တော့ မြန်မာနိုင်ငံကို အာဆီယံကနေ ထုတ်ပစ်ဖို့ အာဆီယံ အသင်းကြီးက စဉ်းစားမှာ မဟုတ်ဘူးလို့ ပြန်လည် တုံ့ပြန် လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG