ကမ္ဘာတ၀န်း A H1N1 ၀က်တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်တာကြောင့် ဒီနှစ် ဆော်ဒီအာရေးဗီးယားက ဟာ့ဂ်ျ (Hajj) ဘုရားဖူး ခရီးစဉ်မှာ လူတချို့ကို လာရောက်ခွင့်မပြုဖို့ အာရပ်နိုင်ငံက ကျန်းမာရေးဝန်ကြီးတွေက သဘောတူလိုက်ပါတယ်။
အသက် ၆၅ နှစ်နဲ့အထက်၊ အသက် ၁၂ နှစ်အောက်နဲ့ နာတာရှည် မကျန်းမာတဲ့ရောဂါ ရှိသူတွေကို ဒီနှစ် ဆော်ဒီအာရေးဗီးယားမှာ ကျင်းပမယ့် ဟာ့ဂ်ျဘုရားဖူး အခမ်းအနားကို လာခွင့်မပြုဘို့ အာရပ် ကျန်းမာရေးဝန်ကြီးတွေက ပိတ်ပင်ခဲ့တာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ပြောခွင့်ရသူ မစ္စတာ အီဘရာဟင်မ် အယ်လ်-ကာဒါနီ (Mr. Ibrahim al-Kerdani) က ပြောခဲ့ပါတယ်။ မနေ့က အာရပ်နိုင်ငံက ကျန်းမာရေးဝန်ကြီးတွေနဲ့ အီဂျစ်နိုင်ငံမှာ တွေ့ဆုံပြီး WHO အကြီးအကဲက အခုလို ပြောခဲ့တာပါ။
အခုလို အာရပ် ကျန်းမာရေးဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ဖို့အတွက် သူတို့ရဲ့ သက်ဆိုင်ရာ အစိုးရတွေက သဘောတူညီရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ WHO ရဲ့ မြေထဲပင်လယ် အရှေ့ပိုင်း ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးရဲ့ အဆိုအရ ဆော်ဒီအာရေးဗီးယား အစိုးရအနေနဲ့ ဒီဆုံးဖြတ်ချက်ကို လက်ခံလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့အထိ ကမ္ဘာတ၀န်းမှာ ၀က်တုပ်ကွေး ကူးစက်ခံရသူပေါင်း ၁၂၅,၀၀၀ ရှိပြီး သေဆုံးသူပေါင်း ၇၀၀ ရှိပြီးဖြစ်ပါတယ်။