သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ မြန်မာ့အရေး အာဆီယံ အောင်မြင်မှု မရ


ထိုင်းနိုင်ငံ ဖူးခက် ပင်လယ်အပန်းဖြေ စခန်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများနဲ့ မိတ်ဆွေနိုင်ငံများရဲ့ အစည်းအဝေး ပြီးဆုံးသွားပြီး ဒီအစည်းအဝေးကနေ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဖြစ်ပေါ်လာမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒေသတွင်းရဲ့ အဓိကပြဿနာ ၂ ခုဖြစ်တဲ့ မြန်မာနဲ့ မြောက်ကိုရီးယား အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အောင်မြင်မှု မရှိခဲ့ဘူးလို့ ဗွီအိုအေသတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ထိုင်းနိုင်ငံ ဖူးခက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

နှစ်စဉ်ကျင်းပနေတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံများနဲ့ မိတ်ဆွေနိုင်ငံများရဲ့ ၄ ရက်ကြာ အစည်းအဝေးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီအစည်းအဝေးကို တက်ရောက်တဲ့ နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေဟာ ဒေသတွင်းမှာ အဓိက အရေးပါတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) က ပြောပါတယ်။ သဘောတူညီချက်တွေက ပိုမိုထိရောက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတဲ့ အာဆီယံနဲ့ ဒေသတွင်းမှာ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်တဲ့ အာဆီယံအဖွဲ့ ဖြစ်ပေါ်လာအောင် လုပ်ပေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်က အခုလို ပြောပါတယ်။

“ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာပါ။ အဲဒီလိုဆိုရင် ဘဏ္ဍာရေးနဲ့ စီးပွားရေး အကျပ်ရိုက်မှု၊ အစားအစာနဲ့ စွမ်းအင် လုံခြုံစိတ်ချရမှုနဲ့ ကပ်ရောဂါ ကိစ္စရပ်တို့လို အရေးကြီးတဲ့ ပြဿနာရပ်တွေကို အာဆီယံအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။”

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု စာချုပ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က လက်မှတ်ထိုးပြီးတဲ့ နောက်မှာတော့ အာဆီယံအဖွဲ့ရဲ့ မိတ်ဆွေနိုင်ငံ အဖြစ်နဲ့ရော အာဆီယံ ဒေသတွင်းမှာ အမေရိကန်နိုင်ငံရဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်တာကို ကြိုဆိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ရဲ့ ပထမဆုံး လူ့အခွင့်အရေးအဖွဲ့ တည်ထောင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောတူညီချက်က လူ့အခွင့်အရေး ကိစ္စတွေကို ကာကွယ် အားပေးနိုင်ဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်စေတယ်လို့ သူက ပြောပါတယ်။
အာဆီယံ လူ့အခွင့်အရေးအဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အရေးယူနိုင်ဖို့ အာဏာမရှိပါဘူး။ ဒါပေမယ့် အနာဂတ်မှာတော့ အရေးယူ ဆောင်ရွက်နိုင်တဲ့ အနေအထားတွေကို တိုးတက်လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

အစည်းအဝေးကို တက်ရောက်တဲ့ ၂၇ နိုင်ငံထဲက နိုင်ငံအတော်များများကတော့ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံနဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ပြောဆိုခဲ့ကြတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်သ် (Stephen Smith) က ပြောပါတယ်။

နေအိမ်အကျယ်ချုပ် ချထားတာကို ချိုးဖောက်တယ်ဆိုပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို ဖမ်းဆီးထားပြီး အတိုက်အခံ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ထားတာကြောင့် မြန်မာစစ်အစိုးရဟာ နိုင်ငံတကာရဲ့ ဖိအားပေးတာကို ခံနေရပါတယ်။ မြောက်ကိုရီးယား နိုင်ငံကတော့ သူတို့ရဲ့ နျူကလီးယား စီမံကိန်းကို အဆုံးသတ်ဖို့အတွက် ပြောဆိုဆွေးနွေးတာကို လက်မခံဘဲ ငြင်းဆန်နေပါတယ်။

မြန်မာနိုင်ငံရော မြောက်ကိုရီးယား ၂ နိုင်ငံစလုံးက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုနေကြပေမယ့်လည်း နိုင်ငံခြားရေး ဝန်ကြီးတွေကတော့ ၂ နိုင်ငံစလုံးကို ပြတ်ပြတ်သားသား ပြောဆိုခဲ့တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်သ်က ပြောပါတယ်။

“နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှုတွေက ပြင်းထန်ပြီး ၂ နိုင်ငံစလုံးကို ဖိအားတွေ ပိုပြီးတော့ သက်ရောက်စေပါတယ်။ ၂ နိုင်ငံစလုံးမှာ ကျနော်တို့ အခု တွေ့ချင်တာက ဒီဖိအားပေးမှုတွေကို တုံံ့ပြန်သွားဖို့ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ပြီးတော့ မြန်မာအစိုးရ အာဏာပိုင်တွေ အနေနဲ့လည်း ရွေးကောက်ပွဲ အကောင်အထည်ဖော်မယ့် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ ပါဝင်ခွင့်ပြုဖို့ ဖြစ်ပါတယ်။”

တရုတ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်ပြီး မြောက်ကိုရီးယားနိုင်ငံနဲ့ ပြောဆိုဆွေးနွေးနေတဲ့ ၆ နိုင်ငံ ပြောဆိုဆွေးနွေးမှုကို အပြီးသတ် မဖျက်သင့်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန် ဂျီးချီ (YANG JIECHI) က ပြောပါတယ်။

“ပြောဆိုဆွေးနွေးနေတဲ့ ကိစ္စမှာ အခက်အခဲတွေကို ရင်ဆိုင်နေရပေမယ့်လည်း အချိန်ကာလ အတော်ကြာကတည်းက ကြီးမားတဲ့ တိုးတက်မှုတခု ရခဲ့တယ် ဆိုတာကိုတော့ ဘယ်သူမှ ဥပေက္ခာပြုထားလို့ မရပါဘူး။ အဲဒါကြောင့် မဟာဗျူဟာနဲ့ ရေရှည်အကျိုးစီးပွားကို ကြည့်ပြီးတော့ ၆ နိုင်ငံ ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်စနိုင်ဖို့အတွက် လုပ်ရပါမယ်။ ဒီကိစ္စဟာ အလွန်ကို အရေးပါတဲ့ကိစ္စ ဖြစ်တာကြောင့် တရုတ်နိုင်ငံကတော့ ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ ကျန်တဲ့ ၅ နိုင်ငံစလုံးနဲ့ အနီးကပ် ဆက်ဆံမှုတွေ ရှိနေပါတယ်။”

ဒီအစည်းအဝေးမှာ တက်ရောက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ နျူကလီးယား စီမံကိန်း အဆုံးသတ်ရေး ပြောဆိုဆွေးနွေးမှုဟာ ပြီးဆုံးသွားပြီလို့ ပြောကြားလိုက်ပြီး အမေရိကန် အစိုးရရဲ့ ရန်လိုတဲ့ မူဝါဒတွေအပေါ် ပြစ်တင် ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG