သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု နှစ်ဖက်အခွင့်အရေး တန်းတူမရခဲ့


ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ အကျဉ်းထောင်ထဲက တံခါးပိတ်တရားခွင်မှာ သူ့ရဲ့ ရှေ့နေတွေက ဒီကနေ့ အပြီးသတ် လျှောက်လဲတဲ့ နေရာ မှာ ဥပဒေကြောင်းအရ ခုခံချေပခွင့် ပြည့်ပြည့်၀၀ မရခဲ့တာတွေကိုပါ အလေးထား တင်ပြခဲ့ကြပါတယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း ဒီအမှုနဲ့ ပတ်သက်လို့ ကျေနပ်မှုမရှိတဲ့အကြောင်း ပြောခဲ့တာပါ။ ကြားနာစစ်ဆေးမှုတွေ လုပ်နေတဲ့ ရန်ကုန် အင်းစိန်အကျဉ်းထောင် တဝိုက်မှာတော့ လုံခြုံရေးတွေ ထူထူထဲထဲ ချထားတဲ့ကြားက ရာနဲ့ချီတဲ့ သူ့ကို အားပေးထောက်ခံသူတွေလည်း ဒီကနေ့ စုဝေးရောက်ရှိလာကြတာပါ။ တရားခွင် နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က အစီရင်ခံထားပါတယ်။

နေအိမ်အကျယ်ချုပ် အမိန့်ကို ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုတာတွေ ရင်ဆိုင်နေရတဲ့ အမှုအတွက် နှစ်ဖက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းကြဖို့ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည် အတွက် ခုခံချေပသူတွေ ဖက်ကသာ လျှောက်လဲဖို့ အချိန်ရခဲ့တာပါ။ မွန်းလွဲပိုင်းက စတင်တဲ့ တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးကြည်ဝင်း ရဲ့ လျှောက်လဲချက်တွေကို တရားခွင်က ကြားနာအပြီး တရားလိုအဖြစ် စွပ်စွဲထား သူတွေဘက်က အပြီးသတ် လျှောက်လဲဖို့ကိုတော့ ရှေ့တပတ် တနင်္လာနေ့ မနက်ကို ပြန်ပြီး ချိန်းဆိုလိုက်တာလို့ အင်းစိန် ထောင်တွင်း တရားခွင်ကို ရောက်သွားတဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ဦးကြည်ဝင်း လျှောက်လဲချက်ပေးတော့ ၄ နာရီ ထိုးပြီးသွားပြီ။ စတာက ၂ နာရိကိုး။ အဲဒီတော့ ၄ နာရီခွဲ ဆိုတော့ ရုံးချိန် ကုန်သွားလို့ ဆိုပြီးတော့ ၂၇ ရက်နေ့ ၁၀ နာရီကို ပြန်ချိန်းလိုက်တယ်။ နောက်ပြီးတော့ ဟိုဘက်က ၂၇ ရက်နေ့ကျမှ ပေးကြမှာပေါ့။”

ဒီလို လျှောက်လဲတဲ့ နေရာမှာတော့ နေအိမ်အကျယ်ချုပ်ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြံဝန်း အတွင်းကို တိတ်တဆိတ် ရေကူးဝင်ရောက်လာတဲ့ အမေရိကန် နိုင်ငံသားတဦးကို လက်ခံထားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆို အပြစ်ပေးဖို့ လုပ်ဆောင်နေတာတွေကို သူ့ရဲ့ ရှေ့နေတွေက ခုခံချေပခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုပဲ လျှောက်လဲချက် တင်သွင်းတဲ့ နေရာမှာ တရားရုံးတင် စစ်ဆေးမှု ကာလတလျှောက် ဒေါ်အောင်ဆန်းစုကြည် ဖက်က ဥပဒေကြောင်းအရ ခုခံချေပနိုင်ခွင့်တွေ ပြည့်ပြည့်၀၀ မရနိုင်တာတွေကို ရှေ့နေတွေက လျှောက်လဲခဲ့သလိုပဲ၊ အခုနောက်ဆုံး လျှောက်လဲချက် တွေ အပြီးမသတ်နိုင်တာတွေနဲ့ ပတ်သက်လို့ ကျေနပ်မှု မရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မှတ်ချက်ပေး ပြောဆိုခဲ့တယ်လို့လည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။

“တရားခွင်မှာပြောတာကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည် အတွက် ရှေ့နေက လျှောက်လဲချက် ပေးပြီးသွားပြီ။ ကျန်တဲ့ဟာတွေက တနင်္လာနေ့ကို ချိန်းထားတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုဟာမျိုးဟာ တနေ့တရက်တည်းမှာ ပြီးစီးအောင် လုပ်ရတယ်၊ ဒီလိုချိန်းဖို့ ဖြစ်နေတဲ့ အခြေအနေကို သူ လုံးဝ မကျေနပ်ဘူး လို့တော့ ပြောသွားပါတယ်။ နည်းလမ်းတကျ မဟုတ်တာတွေကို ဒီနေ့ လျှောက်လဲချက်ထဲမှာလည်း ကျနော်တို့ ထည့်ပြောပါတယ်။ တချို့ မိတ္တူတွေ ကူးတာ အချိန်မှီမရဘူး။ အချိန်တွေ ရွှေ့တယ်။ နောက်ပြီးတော့ ကျနော်တို့ ရှေ့ပိုင်းမှာတုန်းက ရှေ့နေနဲ့ အမှုသည်က လွတ်လွတ်လပ်လပ် စကားပြောခွင့် မရခဲ့ဘူး။ ပြီးတော့ အခုထိ Public Hearing မရဘူး။”

အစောပိုင်းမှာ တုန်းကလည်းပဲ တရားလိုအဖြစ် တရားစွဲဆိုခဲ့တဲ့ အာဏာပိုင်တွေဖက်က သက်သေတွေ ၁၄ ဦးအထိ တင်ပြ ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတွေ ဖက်ကတော့ သက်သေအဖြစ် ၄ ဦး တင်သွင်းထားတဲ့ နေရာမှာ ၂ ဦးသာ ထွက်ဆိုခွင့် ရခဲ့တာပါ။ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းတင် တို့ကိုတော့ တရားရုံး အဆင့်ဆင့် အထိ တင်ပြ ခဲ့ပေမဲ့ ပယ်ချခံခဲ့ရတာမို့ ဒါဟာ မျှတမှု မရှိဘူးလို့ ရှေ့နေတွေက ပြောဆိုထားကြတာပါ။ အပြီးသတ် လျှောက်လဲချက်တွေ ပေးရမယ့်နေ့ ထောင်တွင်း တရားခွင်ကိုတော့ ဗြိတိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမဏီ နဲ့ နော်ဝေး နိုင်ငံက သံတမန်တွေကို တက်ရောက် အကဲခတ်ခွင့် ပြုခဲ့ပါတယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့အမှု အဆုံးသတ် လာတော့မယ့် အချိန်ကလည်း နီးလာတာမို့ တံခါးပိတ်ကြားနာမှုတွေ လုပ်နေတဲ့ ရန်ကုန်အင်းစိန်ထောင် အနီးအနားကို သူ့ကို အားပေးထောက်ခံသူ အများအပြားလည်း အကဲခတ်ဖို့ ရောက်လာကြပါတယ်။ ထောင်အနီးအနား ရောက်သွားသူတွေထဲက ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဦးခင်မောင်ရှိန် ကတော့ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတာတွေ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကို အားပေး ထောက်ခံသူတွေ ရာနဲ့ချီပြီး ရောက်လာကြတာလို့ ပြောပါတယ်။

“ဒီမှာမြင်ရတဲ့ မြင်ကွင်းကတော့ စုစုပေါင်း လူ ၁,၀၀၀ လောက်ရှိမယ်။ ပျမ်းမျှပြောရရင်တော့ ၆၀/၄၀ လောက်ရှိမယ်။ ၆၀ % ကတော့ pro (ထောက်ခံသူ) ပေါ့။ ကျန်တာ ၄၀ % ကတော့ တဖက်ကပေါ့။ လုံခြုံရေး အနေနဲ့ကတော့ ကားတွေ အတော် များတယ်။ လုံခြုံရေးကားတွေ။ အင်းစိန်ဈေးလမ်းမကြီး ရဲ့ ဈေးဘက်ခြမ်းမှာ၊ နောက်တခါ ဒီဘက်မှာ ပရိသတ်တွေ ရှိနေတဲ့ဘက်မှာလည်း ကား ၄ စီးလောက် ရှိတယ်။ ဒီမှာ လမ်းသွယ်တွေ အားလုံးထိပ်မှာ အကုန်လုံးကို လုံခြုံရေး ချထား တယ်။ သံဆူးကြိုးတွေလည်း ရှိတယ်။ အထူးသဖြင့် အနီးအနား ဆေးရုံထဲမှာ လုံခြုံရေးတွေ ချပြီးတော့ ဌာနချုပ်သဘောမျိုး လုပ်ထားတယ်။ အားပေးထောက်ခံတဲ့သူ အနေနဲ့ကတော့ မြို့နယ်တွေက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ လာတယ်။ နောက်ပြီး တော့ ဒီမှာ အဖွဲ့ချုပ် လူငယ်တွေ လာတယ်လေ။ နယ်တွေကပါ လာတယ်။ အဲဒါတွေ တွေ့ရတယ်။”

ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ကာနီးမှ ဥပဒေ ချိုးဖောက်တယ်လို့ဆိုပြီး တရားစွဲဆိုတာတွေ လုပ်နေတာကြောင့်လည်း ဒါဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အာဏာပိုင်တွေဖက်က ဆောင်ရွက်မှု တခုအဖြစ် သံသယ တွေလည်း ထွက်ပေါ်ခဲ့တာပါ။ အထူးသဖြင့်ကတော့ ရှေ့နှစ် ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရက ကမကထလုပ် ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ မပါဝင်နိုင်အောင် ရည်ရွယ်နေတာလို့ ဝေဖန်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ တိုင်းပြည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေ မဖော်ဆောင်နိုင်ဘဲ ဒီလိုရွေးကောက်ပွဲတွေ လုပ်ဖို့ စီစဉ်နေတာကို ကုလသမဂ္ဂလို နိုင်ငံတကာ အသိုင်းအဝန်းက ပြောသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကတော့

သူ့ရဲ့ သဘောထားကို မနေ့တုန်းက ရှေ့နေတွေနဲ့ တွေ့တုန်းကပဲ ပြောထားတယ်လို့လည်း ဦးဉာဏ်ဝင်း က ဆိုပါတယ်။

“မနေ့က ကျနော့်ကို ပြောပါတယ်။ ကျနော်တို့ အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အမျိုးသား ရင်ကြားစေ့ရေးကို မလုပ်ဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်သွားမယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ တရားဝင်မှု မရှိဘူး။ တန်ဖိုး မရှိဘူးလို့ ကုလသမဂ္ဂက ကြေညာသင့်တယ်လို့ ကျနော့်ကို ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ အစိုးရနဲ့ အတိုက်အခံကြား ဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့နဲ့ အစိုးရက ကျင်းပပေးဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာက လက်ခံနိုင်မယ့် အခြေအနေတွေ ဖြစ်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန် ကီမွန်း ကတော့ ဒီလဆန်းပိုင်းတုန်းကပဲ မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက်ခဲ့တာပါ။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ တပတ်ထဲတုန်းက လုံခြုံရေးကောင်စီကို အစီရင်ခံတဲ့ နေရာမှာတော့ လက်ရှိ အခြေအနေ မှာ၊ မြန်မာပြည်သူတွေ မျှော်လင့်နေတာတွေ လိုအပ်နေတာတွေနဲ့ နိုင်ငံတကာက စိုးရိမ်ပူပမ်မှုတွေနဲ့ ပတ်သက်လို့ လျစ်လျူ ရှုထားမလား၊ တိုင်းပြည်အကျိုး ရှေ့ရှုပြီး မြန်မာစစ်အစိုးရအနေနဲ့ အကောင်းဆုံး တုံ့ပြန်ဆောင်ရွက် သွားမလား ဆိုတာတွေ ကို ကမ္ဘာက စောင့်ကြည့်နေပါတယ် ဆိုပြီးတော့ အတွင်းရေးမှူးချုပ်က စစ်အစိုးရအပေါ် သတိပေး ပြောဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG