သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အစည်းအဝေးရဲ့ ထူးခြားချက်


ထိုင်းနိုင်ငံဖူခက်မြို့ (Phuket) မှာ နှစ်စဉ်ပုံမှန် ကျင်းပနေကြ (၄၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားဝန်ကြီးများ အစည်းအဝေးနဲ့ (၁၆)ကြိမ်မြောက် Asean Regional Forum (ARF) အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲဟာ လွန်ခဲ့တဲ့ ဇူလိုင်လ (၂၃) ရက် ကြာသပတေးနေ့က ပြီးဆုံးသွားပါတယ်။ ထူးခြားတာရှိသလို မထူးခြားတာလည်းရှိပါတယ်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေက ကြေညာခဲ့သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးဖို့နဲ့ ပါတီစုံပါဝင်တဲ့ ဆွေးနွေးပွဲကျင်းပဖို့ ဗမာအစိုးရကို ထပ်မံတိုက်တွန်းကြောင်း ဇူလိုင် (၂၀) ရက်နေ့က ထုတ်ပြန်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားတာဟာ မထူးခြားတဲ့အချက်ဖြစ်ပါတယ်။

ဇူလိုင်လ (၂၃) ရက်နေ့မှာ ကျင်းပတဲ့ (၂၇) နိုင်ငံ အာဆီယံဒေသဆိုင်ရာဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ဒီသဘောအတိုင်း ဖော်ပြတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ် ဇူလိုင်လ (၂၄) ရက်နေ့ စင်္ကာပူမှာ ကျင်းပခဲ့တဲ့ ARF အာဆီယံဒေသဆိုင်ရာ အစည်းအဝေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသာတွေကို လွှတ်ပေးပြီး နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလို ထပ်ခါတလဲ တောင်းဆိုတာနဲ့ ဗမာစစ်အစိုးရက ဂရုမစိုက်တာဟာ မထူးခြားတဲ့အချက် ဖြစ်ပါတယ်။

ဖူခက်မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ထူးခြားချက်ကတော့ ဇူလိုင်လ (၂၂) ရက်နေ့မှာ အာဆီယံချစ်ကြည်ရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အမေရိကန်လက်မှတ်ထိုးလိုက်တာပဲ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့နဲ့ ထိထိရောက်ရောက် လက်တွဲလုပ်ကိုင်နိုင်ဖို့ ဒီစာချုပ်ကို လက်မှတ်ထိုးဖို့လိုပါတယ်။ ဒီအထဲမှာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန် နဲ့ တောင်ကိုရီးယား ပါဝင်ပါတယ်။ ဒီ စာချုပ်ကို လက်မှတ်ထိုးတာဟာ ဗမာအစိုးရပါဝင်တဲ့ အခန်းကဏ္ဍကို သွယ်ဝိုက်ပြီး အသိအမှတ်ပြုလိုက်သလိုဖြစ်နေတယ်လို့ သုံးသပ်တာမျိုးတွေ ရှိပါတယ်။

Treaty of Amity and Cooperation (TAC) ခေါ် အာဆီယံချစ်ကြည်ရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် အပိုဒ် (၂) မှာ လက်မှတ်ထိုးသူတွေဟာ ပြည်တွင်းရေးမှာ မစွက်ဖက်ရ အင်အားမသုံးရလို့ တားမြစ်ထားပါတယ်။ TAC စာချုပ်ဝင်နိုင်ငံများရဲ့ နယ်နမိတ် (သို့) အချုပ်အချာအဏာနဲ့ နိုင်ငံရေးစီးပွားရေးတည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေမယ့် အပြုအမူမျိုးကို ရှောင်ကြဉ်ရမယ်လို့ အပိုဒ် (၁၀) က ဆိုထားတာမို့ အမေရိကန်ရဲ့ စီးပွားရေးဒဏ်ခတ် အရေးယူမှုကို ဆန့်ကျင်ထားသလို ဖြစ်နေပါတယ်။ ဒါပေမယ့် ဘယ်လိုအပြုအမှုမျိုးဟာ အန္တရာယ်ဖြစ်စေတယ်ဆိုတာကိုတော့ အာဆီယံ TAC စာချုပ်မှာ ရှင်းပြထားတာမတွေ့ရပါဘူး။

ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်လို့ အမည်ပေးထားတဲ့အတိုင်း အခန်း (၃)မှာ ပုဒ် (၄) က ပုဒ်မ (၁၂) အထိ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဖော်ပြထားပါတယ်။ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံပညာ၊ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးစတဲ့ ကိစ္စရပ်တွေမှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေဟာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ ဒီလို ဆက်ဆံရေး မြှင့်တင်ရာမှာ အဖွဲ့အနေနဲ့ ဆက်ဆံရာမှာရော (၂) နိုင်ငံဆက်ဆံရေးမှာရော ခွဲခြားမှုမရှိပဲ တန်းတူဆက်ဆံရမယ်လို့ ဆိုပါတယ်။

၁၉၉၈ ဇူလိုင်လ ၂၅ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပြင်ဆင်လိုက်တဲ့ အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ဒုတိယပြင်ဆင်ချက်အရဆိုရင် ဗမာစစ်အစိုးရအပါအဝင် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံစလုံးက ထောက်ခံ သဘောတူတဲ့အတွက် အမေရိကန်ဟာ စာချုပ်ဝင်နိုင်ငံဖြစ်လာတာပါပဲ။ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူမှသာလျှင် ဒေသအပြင်ဖက်ကနိုင်ငံတွေဟာ အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ထိုးနိုင်တယ်လို့ မနီလာ (Manila) ပြင်ဆင်ချက်မှာ ဆိုထားပါတယ်။ ပြဿနာဖြေရှင်းတဲ့ စည်းကမ်းနည်းလမ်းကို ၂၀၁၀ ခုနှစ်မှာ ပြဌာန်းပါတယ်။

အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အမေရိကန်လက်မှတ်ထိုးလိုက်တဲ့အတွက် အမေရိကန်အစိုးရရဲ့ မြန်မာ့ရေးရာ သဘောထားပြောင်းလဲလာဖွယ်ရှိပါတယ်။ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ဥပဒေပြဌာန်းပြီး ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူထားတာဖြစ်လို့ အိုဘားမား အစိုးရတဦးတည်း ဒဏ်ခတ်မှုကို ရုတ်သိမ်းလို့မရပါဘူး။ ကွန်ဂရက်လွှတ်တော်ရဲ့ သဘောတူချက်ရယူဖို့ လိုပါတယ်။ ဒါပေမယ့် ဖူခက် အစည်းအဝေးအတွင်းမှာ အမေရိကန်နဲ့ ဗမာအစိုးရအမှုထမ်း တွေ့ဆုံဆွေးနွေးတာကို ထူးခြားမှုအဖြစ် သတ်မှတ်နိုင်ပါတယ်။ အယင်က ဒါမျိုးမရှိခဲ့ပါဘူး။

အစိုးရအချင်းချင်း ပဋိပက္ခ မဖြစ်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တဲ့ အာဆီယံရဲ့ ရည်ရွယ်ချက် အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။ အဖွဲ့သက်တမ်း အနှစ် (၄၀) ကျော်မှာ အဖွဲ့ဝင် (၁၀) နိုင်ငံနဲ့ မိတ်ဆွေနိုင်ငံတွေ တိုးလာပြီး အစိုးရအချင်းချင်းဆက်ဆံရာမှာ လိုက်နာရမယ့် စည်းကမ်းနည်းလမ်းကို သတ်မှတ်နိုင်ခဲ့ပါတယ်။ ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ပြီး ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှု ကင်းရှင်းတာကို အာဆီယံရဲ့ အောင်မြင်မှုအဖြစ် သတ်မှတ်ကြပါတယ်။

ဒါကြောင့် မြန်မာနဲ့ အမေရိကန်ဟာ ဘယ်လိုယုံကြည်မှုတည်ဆောက်ပြီး ဘယ်လိုဆက်ဆံရေး တိုးမြှင့်မယ်ဆိုတာကို စောင့်ကြည့်ဖို့သာ ရှိပါတော့တယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG