သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကို ဆက်ဒဏ်ခတ်ရေး အမေရိကန်လွှတ်တော် အတည်ပြု


မြန်မာစစ်အစိုးရ လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ဒီမိုကရေစီ မထွန်းကားမှုတွေကြောင့် အရေးယူ ဒဏ်ခတ်တဲ့ အနေနဲ့ အမေရိကန်နိုင်ငံ ကနေ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှု ဥပဒေကို၂၀၀၃ ခုနှစ်ကနေ စတင် ပြဋ္ဌာန်းပြီး နှစ်စဉ် သက်တမ်းတိုးလာနေပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ကလည်း ဒီအရေးယူမှုကို ဆက်ပြီး သက်တမ်းတိုးဖို့ အမေရိကန် အထက်လွှတ်တော်က မဲပေး အတည်ပြုခဲ့ပါတယ်။

အခုဆို အမေရိကန် အောက်လွှတ်တော်ရော၊ အထက်လွှတ်တော်ရော အတည်ပြုထားပြီ ဖြစ်လို့ သမ္မတ အိုဘားမားက အတည်ပြုလက်မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်။ ဒီဥပဒေဟာ မြန်မာပြည်က ကုန်ပစ္စည်းတွေကို အမေရိကန်ကို တင်သွင်း ခွင့် ပိတ်ပင်တားမြစ်တဲ့ ဥပဒေ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရဘက်ကတော့ အခုလို အရေးယူဒဏ်ခတ်တာတွေကို မကြိုက် တဲ့အကြောင်း မကြာခဏ ပြောဆိုနေတာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက ဆက်ပြီး ဖမ်းဆီးထားတုန်းပဲဖြစ်လို့ မြန်မာ စစ်အစိုးရကို ဖိအားပေးတဲ့ အနေနဲ့ အမေရိကန်ရဲ့ အရေးယူမှုကို ဆက်ပြီး လုပ်သင့်တယ်လို့ အထက် လွှတ်တော် အမတ် မစ်ချ် မက္ကောနဲလ် က အေပီ သတင်းကို ပြောခဲ့ပါတယ်။ သမ္မတအိုဘားမားက ဘယ်တော့ အတည်ပြု လက်မှတ်ထိုးမလဲ ဆိုတာတော့ မသိရသေးပါဘူး။ မြန်မာစစ် အစိုးရပိုင် သတင်းစာတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ရေးဟာ အဓိပ္ပာယ်မရှိဘူးလို့ ရေးသားဖော်ပြနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG