သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု အင်္ဂါနေ့ ထပ်မံ ရုံးချိန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ပြီး ရုံးတင်စစ်ဆေးနေတာမှာ တဘက် တရားလို ရှေ့နေတွေ အနေနဲ့ ဥပဒေကြောင်းအရ ခုချိန်ထိ ခိုင်ခိုင်မာမာ လျှောက်လဲချက် မပေးနိုင်သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။ အမှုနဲ့ပတ်သက်ပြီး ကြားနာစစ်ဆေးတာကို ဒီကနေ့ ဆက်လုပ်ခဲ့အပြီး အခုလို ပြောလိုက်တာပါ။ ဒီအကြောင်းနဲ့ပတ်သက်လို့ အမှုစစ်ဆေးမှု အခြေအနေကို ဘန်ကောက်မြို့ကနေ စောင့်ကြည့်နေတဲ့ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒီကနေ့ အင်းစိန်ထောင်တွင်း တနေကုန်လုပ်ခဲ့တဲ့ ကြားနာပွဲ အပြီးမှာပဲ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောခဲ့တာ ပါ။ ညနေပိုင်း ထောင်တွင်း အထူးတရားခွင်အပြီး နာရီပိုင်းအတွင်းမှာပဲ ဗွီအိုအေကနေ ဦးဉာဏ်ဝင်းကို ဆက်သွယ် မေးမြန်း တဲ့အခါ ဦးဉာဏ်ဝင်းက အခုလို စပြောပါတယ်။

“မနက် ၁၀ နာရီ စပါတယ်။ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမအတွက် ဦးလှမျိုးမြင့် လျှောက်လဲချက် ပေးပါတယ်။ ပြီးတော့ မစ္စတာယက်ထောအတွက် ဦးခင်မောင်ဦး လျှောက်လဲချက် ပေးတယ်။ အဲဒါပြီးတော့ Break လုပ်ပါတယ်။ နေ့ခင်း ၁ နာရီ ပြန်စတယ်။ ၁ နာရီကနေ ညနေ ၅ နာရီအထိ အစိုးရရှေ့နေ တဦးတည်းက ကသွားတာပါ၊ ဇာတ်လမ်း။ သူက ညနေ ၅ နာရီမှာ ပြီးသွားတော့ ကျနော်တို့ကို မနက်ဖြန် ဆက်ချိန်းပါတယ်။ ဆက်ပြီး လျှောက်လဲချက် ပေးကြဖို့။”

မနက်ဖြန်က ဆရာတို့ရော တဘက်ကရော လျှောက်လဲချက် ပေးကြမှာလား။

“မနက်ဖြန်ကြရင် ကျနော်တို့က ဒီနေ့အမှုအတွက် ပြန်လည်ရှင်းလင်း ပြောဆိုခွင့် ရှိပါတယ်။ ပြီးရင် မစ္စတာယက်ထောရဲ့ သီးခြားအမှု ၂ မှု ရှိတယ်။ ရေကူးတာရယ်၊ Invasion ရယ်၊ အဲဒါအတွက် သူတို့ လျှောက်လဲချက်ပေးမယ်။ အဲဒါကတော့ ကျနော်တို့ မပါပါဘူး။”

ဒီနေ့ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဆရာ့အမြင် ဘယ်လိုရှိပါသလဲ။

“ဒီနေ့ အစိုးရရှေ့နေက တော်တော် ကြိုးစားပြီး ပြောပါတယ်။ သို့သော် ဥပဒေရှုထောင့်က ကျနော်တို့ အမြင်တော့ သိပ်ပြီး တော့ Strong ဖြစ်တယ်လို့ ကျနော်တော့ မမြင်ဘူးဗျ။”

ဒေါ်အောင်ဆန်းစုကြည်ကိုရော ကျန်းမာရေး အခြေအနေ ဘယ်လိုတွေ့ရပါလဲ။

“ကောင်းပါတယ်၊ သူလည်း အမှုကို စေ့စေ့စပ်စပ် နားထောင်တယ်၊ စေ့စေ့စပ်စပ် အကြံပြုပါတယ်။”

ဆရာ့အနေနဲ့ရော ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ဒီအမှုစစ်တာ မျှတမှုမရှိဘူး၊ နှစ်ဖက် ညီတူမျှတူ လျှောက်လဲခွင့် မရဘူးလို့ သတင်းတွေ ထွက်ထားပါတယ်။ အခု ဒီနေ့ စစ်ဆေးတဲ့ အခြေအနေကရော ညီတူမျှတူ ရှိပါရဲ့လား။

“ကျနော် ဟိုတနေ့က ပြောတာ အမြင်အရ မျှတမှုမရှိတဲ့ အခင်းအကျင်း ဖြစ်နေတယ်လို့ ပြောတာ။ ဥပဒေနဲ့ မညီတာတို့ ဘာတို့ ဒါတွေ ကျနော် မသုံးပါဘူး။ တရားရုံးကိုလည်း ကျနော် မပြောပါဘူး။ သို့သော် အခင်းအကျင်းအားဖြင့် အဲဒီလို ဖြစ်တယ်လို့ ကျနော် ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ တရားရုံးကို စာတင်တာ ဘာညာ ဘာမှ မရှိပါဘူး။ အမြင်အရပဲ အဆင်သင့်လုပ်တယ်၊ ရုံးချိန်း ချိန်းလိုက်တယ်၊ အဲဒီလို ဖြစ်နေတာကိုး။ ရုံးချိန်းနဲ့ပတ်သက်ရင် တရားရုံးက ကျနော်တို့ ရှေ့နေများနဲ့ ညှိနှိုင်းတာ ဒီအမှုကာလမှာတော့ မရှိပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အင်းစိန်ထောင် အနီးတဝိုက် အရင်ရုံးချိန်းတွေတုန်းက လောက် လုံခြုံရေး တင်းကျပ်ပုံမရပါဘူး။ နေ့လယ်ပိုင်းက အင်းစိန်ဈေးနား ဝင်လို့ရသလောက် နေရာအထိမှာ ရောက်နေတဲ့ NLD အတွင်းရေးမှူး သတင်းစာဆရာကြီး ဦးဝင်းတင်က လုံခြုံရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပြထားပါတယ်။

“အခုလေးတင် စွမ်းအားရှင်တို့ ကြံ့ဖွံ့တို့ တင်တဲ့ကား ၃ စင်း ထွက်သွားတယ်။ မီးသတ်ကားတစင်းနဲ့ အဲဒီကား ၃ စင်း ထွက်သွားတယ်ဗျ။ ဒီမှာတော့ သိပ်ပြီး ခါတိုင်းလောက်တောင်မှ တင်းကျပ်တယ်လို့ မရှိသလိုပဲ။ ဟိုဘက်တွေမှာတော့ စွမ်းအားရှင်ကားတွေ ရပ်ထားတယ်။ ခါတိုင်းဆိုရင် ကျနော်တို့ထိုင်တဲ့ရှေ့မှာ ရဲကားက လေးငါးခြောက်စင်းလောက် အမြဲတမ်း ရပ်ပြီး စောင့်နေတယ်။ တခါတလေ ကျနော်တို့ဘက်ခြမ်းကို လာပြီး ရပ်တယ်။ အခု အဲဒါတွေ သိပ်မရှိဘူး။ ဒါပေမယ့် မြို့ထဲမှာတော့ တော်တော် လေး တင်းတင်းကျပ်ကျပ် စောင့်ကြပ်တာတွေ ရှိတယ်လို့ ပြောတယ်။ သမိုင်းလမ်းဆုံတို့၊ လှည်းတန်းလမ်းဆုံတို့၊ မြေနီကုန်း တို့၊ အင်းစိန် ပန်းခြံတို့မှာ တော်တော်များများ ရှိတယ်လို့ ပြောတယ်။”

မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံ ဝန်ကြီးအဆင့် စည်းဝေးပွဲတွေ၊ အာဆီယံ ဒေသဆိုင်ရာ စည်းဝေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုသံတွေ အတော်လေးကို ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေအပြင် တခြား ကမ္ဘာ့နိုင်ငံ အသီးသီးနဲ့ ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အပြောင်းအလဲမှာ အဓိကကျတဲ့ နေရာမှာ ရှိနေသူအဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် မြန်မာအာဏပိုင်တွေကတော့ အဲဒီလို သတ်မှတ်တာကို ဘဝင်မကျသလို အခုလို တဦးတည်းအပေါ် ပုံပြီးတော့ ပြောဆိုနေကြ၊ တောင်းဆိုနေကြတာတွေကိုလည်း မကျေနပ်တဲ့အကြောင်း အစိုးရအာဘော် သတင်းစာတွေကနေ မကြာခဏဆိုသလို ရေးသားဖော်ပြလေ့ ရှိပါတယ်။ အခုလို နှစ်ဘက်ကွာဟနေတဲ့ အခြေအနေအောက်မှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်လာဖို့ အလားအလာက မှေးမှိန်မနေဘူးလားဆိုတာ စဉ်းစားစရာပါ။

NLD အတွင်းရေးမှူး ဦးဝင်းတင်ကတော့ သူတို့ရဲ့ နိုင်ငံရေးပုံစံ ပြောင်းလာသလို ဒေါ်အောင်ဆန်းစုကြည်ဟာ အားလုံး လက်ခံထားသူဖြစ်လို့ မြန်မာ့ပြဿနာတွေ ဖြေရှင်းရေးမှာ အရေးကြီးသူဖြစ်တယ်လို့ ပြောပါတယ်။

“အရင်တုန်းကတော့ လွှတ်တော်ခေါ်ပေး၊ ဘာပေးဆိုတဲ့ တောင်းဆိုတဲ့ နိုင်ငံရေး၊ အဲဒီ တောင်းဆိုနိုင်ငံရေးကနေ ကျနော်တို့ က တွေ့ဆုံဆွေးနွေးကြမယ်၊ တွေ့ဆုံဆွေးနွေးပြီး အခြေအနေတွေ ဖြေရှင်းနိုင်မယ်ဆိုရင် NLD အနေနဲ့လည်း ရွေးကောက် ပွဲ ဝင်ဖို့တောင်မှ စဉ်းစားမယ်ဆိုတဲ့ ကမ်းလှမ်းနိုင်ငံရေးဘက်ကို ရွေ့လာတယ်ပေါ့ဗျာ။ သို့သော် ကျနော်ကတော့ နဂို ကတည်းက ထင်တယ်၊ သူတို့ ဒါ မလုပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုကို သူတို့က ဖယ်ထုတ်ချင်တယ်။ ဒေါ်စုကို လုံးဝကို မမြင်ချင်ဘူး။ နိုင်ငံရေးထဲကနေ ဖယ်ထုတ်မယ်ဆိုတဲ့ဟာ ဖြစ်နေတာကိုး။

“အခုလည်း ကျနော်က ပြောရမယ်ဆိုရင် သူတို့က ဒေါ်စုကို ပင်တိုင်ထားတဲ့ဟာ မလိုဘူး၊ တခြားပြဿနာတွေ ရှိတယ်လို့ ဆိုပေမယ့် ကျနော်ပြောချင်တာက ဒီပြဿနာတိုင်းဟာ ဒေါ်စုနဲ့ ဆက်စပ်နေတယ်လို့ ပြောချင်တယ်။ ကိုးကွယ်မှုနဲ့ ပြောနေ တာ မဟုတ်ဘူး၊ NLD ခေါင်းဆောင်တယောက်အနေနဲ့ ပြောတာလည်း မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု၊ တိုင်းပြည်လူထုရဲ့ ယုံကြည်မှု၊ ကမ္ဘာရဲ့ ယုံကြည်မှုရတာ ဒေါ်စုတယောက်ပဲရှိတယ်။ အဲတော့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းတွေကို လုပ်မယ်ဆိုရင် ဒေါ်စုနဲ့ပဲ လုပ်ရမယ်လို့ ကျနော်ပြောချင်တယ်။”

NLD အတွင်းရေးမှူးအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဘက်က အပြစ်ရှိတယ်ဆိုတဲ့ သဘောမျိုး စစ်အစိုးရ သတင်းစာမှာ ရေးသားနေတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတွေက ဒီကနေ့ တရားရုံးမှာ ကန့်ကွက်ခဲ့ပါတယ်။ တရားရုံး က ဆုံးဖြတ်ရမယ့် ကိစ္စကို မြန်မာ့အလင်း သတင်းစာက ရေးသားချက်တွေဟာ တရားရုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ဥပဒေရဲ့ အကာအကွယ် မဲ့နေသလို ဖြစ်နေတဲ့အကြောင်း၊ ဒီကိစ္စကို လိုအပ်သလို အရေးယူပေးဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောပြချက်အရ အဲဒီ ၂၃ ရက်နေ့ မြန်မာ့အလင်းမှာ 'ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှု ကျူးလွန် လို့ တရားစွဲခံနေရတယ်' လို့ အဲဒီလို သဘောမျိုး အဓိပ္ပာယ် ရောက်နေတယ်။ ကျနော်တို့က တရားရုံးကို ပြောတာက တရားရုံး ဂုဏ်သိက္ခာကို ထိခိုက်တယ်။ တရားရုံး ဆုံးဖြတ်ရမယ့် အလုပ်ကို သူက ပြောနေတယ်။ ဒါဟာ မဖြစ်သင့်ဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း တရားဥပဒေရဲ့ အကာအကွယ် မရသလို ဖြစ်နေတယ်။ အဲဒီတော့ လိုအပ် သလို ဆောင်ရွက်ပေးပါလို့ ကျနော်တို့ အဲဒီလို လျှောက်ခဲ့တယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ် မေလ စစ်အစိုးရက စတင် ဖမ်းဆီးထားခဲ့တဲ့ အချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ဖမ်းဆီးခဲ့တာ ဆိုပြီး စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေကိုယ်တိုင် ကုလသမဂ္ဂကို တင်ပြခဲ့ ဖူးပါတယ်။ ဒီအချက်တွေကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက သက်သေထွက်ဆိုဖို့လည်း တောင်းဆိုခဲ့တဲ့ အကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။

“Human Rights (လူ့အခွင့်အရေးအဖွဲ့) မှာ Working Group (လုပ်ငန်းအဖွဲ့) ရှိနေတယ်ဗျ။ အဲဒီ လုပ်ငန်းအဖွဲ့ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက သံအမတ်ကြီး တယောက်က ဖြေကြားထားတယ်၊ ၃ ကြိမ် ဖြေကြားထားတယ်။ အဲဒီ ၃ ကြိမ် ဖြေကြားတဲ့နေရာမှာ ခုနကလို ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတာ မဟုတ်ဘူး၊ သူ့ရဲ့ လုံခြုံရေးအတွက်သာ ခေတ္တ ခေါ်ထားတာဆိုပြီး ပြောတယ်။ အဲဒါကြောင့် ဒီအချက်အလက်တွေဟာ ဒီအမှုအတွက် အရေးကြီးတယ်။ ဒါကြောင့် ဒီ အချက်အလက်တွေကို လာရောက်ဖြေကြားဖို့ နိုင်ငံခြားရေးရုံးက သက်သေခေါ်ပေးပါလို့ ကျနော်တို့ အဲဒီလို လျှောက်တာ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ တရားရုံးမှာ ဒီနေ့ အကျိုးဆောင် ရှေ့နေတွေရဲ့ တင်ပြချက်တွေကို NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG