သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား ဆွေးနွေးပွဲ ကမ်းလှမ်းချက် အီရန်ကို အမေရိကန်က မကြာမီ တုံ့ပြန်စေလို


အီရန်အနေနဲ့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး စကားပြောဖို့အတွက် အိုဘားမား (Obama) အစိုးရက ကမ်းလှမ်းတာကို မကြာခင်မှာ လက်ခံတုံ့ပြန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောပါတယ်။

မစ္စတာဂိတ်စ်ဟာ အစ္စရေးမှာ ရောက်နေတဲ့အခိုက် အီရန်နဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်ကို ထိပ်တန်းအရာရှိတွေနဲ့ ဆွေးနွေးစဉ်မှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အထွေထွေညီလာခံ မတိုင်ခင်မှာပဲ အီရန်က အဖြေတခုခု ပေးလာလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စုက မျှော်လင့်ပါတယ်လို့လည်း မစ္စတာဂိတ်စ်က ပြောခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယား အရေးကို စားပွဲဝိုင်းမှာ ဖြေရှင်းလို့ မရရင်တော့ အစ္စရေးက စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ဖို့ အခြေအနေတွေ ရှိလာနိုင်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အီဟွတ်ဒ် ဘာရတ်ခ် (Ehud Barak) က ဆိုပါတယ်။ စစ်တပ်က ဆန္ဒပြတာတွေ ရှိနေနိုင်သေးတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် မစ္စတာ ဘာရတ်ခ်ကတော့ အခုအချိန်မှာ အဓိကကျတာ သံတမန်နည်းလမ်းပါပဲလို့ ပြောပါတယ်။

မစ္စတာဂိတ်စ်ဟာ အစ္စရေးမှာ ရှိနေစဉ်အတွင်း ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု (Benjamin Netanyahu) နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အမေရိကန် အထူးကိုယ်စားလှယ် ဂျော့ချ် မစ်ချဲလ် (George Mitchell) ကတော့ မစ္စတာဘာရတ်ခ်နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး မစ္စတာ နက်တန်ယာဟုနဲ့တော့ မနက်ဖြန် တွေ့ဆုံမှာ ဖြစ်ပါတယ်။

မစ္စတာဂိတ်စ်နဲ့ မစ္စတာမစ်ချဲလ်တို့ဟာ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် တိုက်တွန်းလုပ်ဆောင်ကြဖို့ ရည်ရွယ်ချက်တွေနဲ့ အရှေ့အလယ်ပိုင်းဒေသကို သီးခြား ခရီးစဉ်တွေအနေနဲ့ သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက အစ္စရေးနဲ့ အာရပ် အိမ်နီးချင်းနိုင်ငံတွေအကြား ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ပံ့ပိုးကူညီဖို့ ဆုံးဖြတ်ပြီးသား ဖြစ်တယ်လို့ မစ္စတာမစ်ချဲလ်က ဆီးရီးယားမှာ မနေ့က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG