မကြာခင်ရက်ပိုင်းအတွင်းက ပြီးဆုံးသွားတဲ့ အာဆီယံဒေသတွင်း ညီလာခံ (Asean Regional Forum - ARF) အပြီးမှာ ညီလာခံကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် ယခင်အတိုင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ပြောဆိုတင်ပြထားခြင်းမရှိခဲ့ပါ။ ဒါပေမယ့် ဒီတကြိမ် ညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထူးခြားချက်ကတော့ မြောက်ကိုးရီးယား နျူကလီးယားဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့  ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ပါမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို အာမခံစကားပြောကြားခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထောက်ခံကြိုဆိုတဲ့အကြောင်း ပြောဆိုသွားပါတယ်။ မြန်မာစစ်အစိုးရရဲ့  ပြောဆိုသွားချက်ကို ဘယ်လောက်ယုံကြည်နိုင်ခြေ ရှိသလဲဆိုတာကို သိရှိနိုင်ဖို့ အမေရိကန်နိုင်ငံဆိုင်ရာ စစ်သံမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှုး အောင်လင်းထွဋ် (ဝါရှင်တန်ဒီစီ)၊ ဗြိတိန်နိုင်ငံ King's College မှ စစ်မဟာဗျုဟာလေ့လာရေး သိပ္ပံဘွဲ့ရရှိထားသူ မခင်မမမျိုး (ခင်မမမျိုး ဘလော့စာမျက်နှာ)၊ မြန်မာ-မြောက်ကိုးရီးယား ဆက်ဆံရေး စောင့်ကြည့်လေ့လာနေသူ Roland Watson (အာဏာရှင်များ စောင့်ကြည့်ရေးအဖွဲ့ - Dictator Watch) တို့ကို ဦးရော်နီညိမ်း (ဗွီအိုအေမြန်မာ) က ဆက်သွယ်မေးမြန်း သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။