သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် တရုတ် ဆက်ဆံရေး ခေတ်သစ် ထူထောင်ဖို့ အိုဘားမား တောင်းဆို


အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြားမှာ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်တခုကို ဖော်ဆောင်သွားဖို့အတွက် အမေရိကန်သမ္မတ အိုဘားမား (Obama) က တောင်းဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံ ကြားမှာ ကွဲပြားခြားနားမှုတွေ ရှိနေပေမယ့်လည်း တချို့ အရေးကြီးတဲ့ ကိစ္စတွေ မှာ ၂ နိုင်ငံ အတူလက်တွဲ လုပ်နိုင်တဲ့ နေရာတွေနဲ့ လုပ်ရမယ့်နေရာတွေ ရှိတယ် လို့ သမ္မတအိုဘားမားက ပြောပါတယ်။ အပြည့်အစုံကို အိမ်ဖြူတော်ကနေ ဗွီအိုအေ သတင်းထောက် ပေါ်လာ ဝုဖ်ဆင် (Paula Wolfson) သတင်း ပေးပို့ထား တာ ကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ ပြဿနာတွေကို အမေရိကန် အစိုးရနဲ့ တရုတ် အစိုးရ အနေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းသွားဖို့ လိုတယ်လို့ သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

“အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာရှိတဲ့ ဆက်ဆံရေးက ၂၁ ရာစုကို ပုံဖော်သွား မှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာမှာ တခြား ၂ နိုင်ငံ အပြန်အလှန် ဆက်ဆံရေး လိုပဲ အရေးကြီးပါတယ်။ ကျနော်တို့ ၂ နိုင်ငံကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို ၂ နိုင်ငံကြား ဆက်ဆံရေးက ပိုပြီး တော့ အားကောင်းလာစေမှာပါ။ ဒါဟာ ကျနော်တို့ အတူတူလုပ်ရမယ့် တာဝန် ဖြစ်ပါတယ်။”

ဝါရှင်တန်မြို့မှာ ၂ ရက်ကြာ ကျင်းပနေတဲ့ အမေရိကန်နဲ့ တရုတ်အစိုးရ ထိပ်တန်းအရာရှိတွေ အစည်းအဝေးမှာ သမ္မတ အိုဘားမား ပြောသွားတာ ဖြစ်ပါတယ်။ အမေရိကန်၊ တရုတ် ဗျူဟာမြောက် စီးပွားရေး ပြောဆိုဆွေးနွေးမှုမှာ ငွေကြေးကိစ္စ ကနေ နိုင်ငံခြားရေး မူဝါဒတွေအထိ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း စီးပွားရေးကျဆင်းမှု၊ ရာသီဥတု ပြောင်းလဲမှုနဲ့ နျူကလီးယားလက်နက် ပြန့်ပွားလာမှုလိုမျိုး ကမ္ဘာတဝန်းက စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် တာဝန်ရှိသူတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက် သွားရမယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။ သမ္မတအိုဘားမားက အီရန်နဲ့ မြောက်ကိုရီးယား နျူကလီးယား အရေးကိစ္စတွေကိုလည်း အတိအကျ ထုတ်ဖော်ပြောဆိုသွားပါတယ်။

“အမေရိကန်ရော တရုတ်နိုင်ငံရောက အကြမ်းဖက်သမားတွေ ဗုံးတွေရသွားတာ၊ အရှေ့အာရှမှာ နျူကလီးယားလက်နက် အပြိုင်အဆိုင် တပ်ဆင်လာမှာကို မလိုလားပါဘူး။ အဲဒါကြောင့် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် မရှိအောင် ကျနော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ တာဝန်တွေကို ဝတ္တရားရှိတဲ့အတိုင်း ဆောင်ရွက်မယ်ဆိုရင် မြောက်ကိုရီးယားနဲ့ သဘောတူထားတဲ့ လုံခြုံရေးနဲ့ တခြားကိစ္စရပ်တွေကိုလည်း ပြန်ပြီးတော့ လုပ်ဆောင်ပေးသွားမယ် ဆိုတာကို မြောက်ကိုရီးယားကို ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီး ဖြစ်ပါတယ်။”

ဒါ့အပြင် သမ္မတအိုဘားမားဟာ နယ်စပ်တွေမှာ ဖြစ်နေတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်သွားဖို့ လိုတယ်လို့လည်း ပြောပါ တယ်။ အကြမ်းဖက် အဖွဲ့အစည်း ကွန်ယက်တွေကို ဖျက်ဆီးဖို့အတွက် သတင်းအချက်အလက်တွေ ဝေမျှဖို့နဲ့ အန္တရာယ်ရှိတဲ့ ရောဂါပိုး ပြန့်ပွားမှုကို စောင့်ကြည့်တဲ့ ကြိုတင်သတိပေး စနစ်တခု တည်ဆောက်ဖို့ကိုလည်း ပြောပါတယ်။

“ဒီပြဿနာ အားလုံးရဲ့ ဇစ်မြစ်က ၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကို ဘယ်နိုင်ငံတခုတည်းကမှ သူ့ဟာသူ မဖြေရှင်းနိုင်ဘူးဆိုတဲ့ အချက်မှာ အခြေခံပါတယ်။ ဒီအခြေခံကျ အမှန်တရားက ကျနော်တို့ကို ပူပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာစေပါတယ်။”

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ကိစ္စရပ်တိုင်းမှာ သဘောတူညီလိမ့်မယ်၊ ဒါမှမဟုတ် အမြင်တမျိုးတည်းနဲ့ ကြည့်မြင်နိုင် လိမ့်မယ်လို့ မယုံကြည်ဘူးလို့ သမ္မတအိုဘားမားက ပြောပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း ထုတ်ဖော် ပြောသွားမယ်ဆိုတာ သူက ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီး ဖြစ်ပါတယ်။

“တရုတ်နိုင်ငံရဲ့ အံ့သြစရာကောင်းတဲ့ အောင်မြင်မှုတွေနဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေကို လေးစားလိုက်နာသလိုပဲ လူတွေ အားလုံးရဲ့ ဘာသာရေးနဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေးစားလိုက်နာပြီး ကာကွယ်ရမယ် ဆိုတာနဲ့ လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်သင့်တယ် ဆိုတာကိုလည်း ကျနော်တို့ အပြည့်အ၀ ယုံကြည်ထားပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံ ဘာသာရေးနဲ့ တိုင်းရင်းသား လူနည်းစုတွေ ပါဝင်သလို အမေရိကန်နိုင်ငံမှာရှိတဲ့ လူနည်းစုတွေလည်း ပါဝင်ပါတယ်။”

ဒီ မတူကွဲပြားတာတွေကပဲ ၂ နိုင်ငံ ပြောဆိုဆွေးနွေးမှုကို ပိုပြီးတော့ အရေးပါစေတယ်လို့ သမ္မတအိုဘားမားက အလေးပေး ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောဆိုဆွေးနွေးမှုတွေက တဘက်နဲ့ တဘက် ပိုမိုသိရှိစေပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုလာဖို့ အခွင့်အလမ်းတွေ ဖြစ်စေတယ်လို့ သမ္မတအိုဘားမားက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG