သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျွန် ယက်တော အပြစ်ရှိကြောင်း လျှောက်လဲ၊ သက်ညှာခွင့် တောင်းခံ


တရားစွဲဆိုခံရတဲ့ အခြေအနေတွေ ပေါ်ပေါက်ခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်လာသူ အမေရိကန် နိုင်ငံသားကတော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက် လို့ အပြစ်ရှိတဲ့အကြောင်း ဒီကနေ့ အပြီးသတ် လျှောက်လဲချက် ပေးတဲ့နေရာမှာ ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လို့ ပြစ်ဒဏ် ကျခံရမယ်ဆိုရင် သက်ညှာစွာ စဉ်းစားဖို့လည်း လျှောက်ထားခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယမ် ယက်တော (John William Yettaw) ရဲ့ ဥပဒေအကျိုးဆောင်က ပြောပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ ပေးထားပါတယ်။

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲကို ၂ ကြိမ်တိုင်တိုင် တိတ်တဆိတ် ရေကူး ဝင်ရောက်လာတဲ့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယမ် ယက်တော အပေါ် စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်လို့ ၂ ဖက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲမှုတွေ လုပ်တဲ့နေရာမှာ သူ့အနေနဲ့ အပြစ်ကျူးလွန်မှုတွေ ရှိတဲ့အကြောင်း ဝန်ခံပြောဆို ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာပိုင်တွေက စွဲဆိုထားတဲ့ နေအိမ်အကျယ်ချုပ် ကန့်သတ်တားမြစ်ချက်ကို ဖောက်ဖျက်ရာမှာ အားပေးကူညီတယ်ဆိုတဲ့ အမှု အပါအဝင် ရန်ကုန်စည်ပင်သာယာ ဥပဒေ၊ ဗီဇာစည်းကမ်း ချိုးဖောက်မှု စတာတွေနဲ့ တရားစွဲဆိုခံနေရတဲ့ မစ္စတာယက်တောအတွက် အခုနောက်ဆုံး ၂ ဖက် လျှောက်လဲချက် ပေးခဲ့တာနဲ့ ပတ်သက်လို့ သူ့ရဲ့ ရှေ့နေဖြစ်တဲ့ ဦးခင်မောင်ဦး ပြောပြတာကတော့ …

“ဒီနေ့ ကျနော်တို့ အပြီးသတ် လျှောက်လဲချက် အားလုံး ပြီးသွားပါပြီ။ ကျနော့်အမှုသည်ကို ၃ မှုနဲ့ စွဲထားပါတယ်။ ဒီနေ့ ပြန် ရှင်းပေါ့၊ အဲဒါ အကုန် ၃ မှုစလုံး ပြီးသွားပါပြီ။ ကျနော်က တင်ပြတာပေါ့။ တရားရုံးကတော့ အာဏာပိုင်ပေါ့၊ ကျနော်တို့က တော့ တင်ပြရုံပါပဲ။ တင်ပြတဲ့အခါမှာ ကျနော်က မစ္စတာယက်တောဟာ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးမှု ဥပဒေအရ မကျူးလွန်ပါဘူး၊ တရားမဝင် ကျော်နင်းမှုပဲ ကျူးလွန်ပါတယ်လို့ ပြောရတာပေါ့။ ပြည်ဝင်ခွင့် ဗီဇာစည်းကမ်း ဖောက်ဖျက်တဲ့ အမှုရယ်၊ အင်းလျားကန် ရေကူးတဲ့အမှုရယ်၊ အဲဒီ ၂ မှုကို ကျနော် လျှောက်လဲချက် ပေးပါတယ်။ နှစ်ဖက်လုံး လျှောက်လဲချက် ပေးပါတယ်။ ကျနော်ကတော့ အပြစ်တော့ ရှိပါတယ်လို့။”

ပြီးခဲ့တဲ့ မေလဆန်းတုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲကို ရေကူးဝင်ရောက်ရတာဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရစရာရှိသလို ဒါနဲ့ပတ်သက်လို့ မြန်မာစစ်အစိုးရအပေါ် အပြစ်ဖို့ခံရမယ့် အခြေအနေတွေ ရှိနေတာတွေကို ကြိုတင်အာရုံရလို့ ဘုရားသခင်ရဲ့ စေလွှတ်ချက်အရ ဒီလိုလုပ်ခဲ့တာလို့ မစ္စတာယက်တောက အစောပိုင်း တရားခွင်မှာ ထွက်ဆိုထားတာပါ။

အခုနောက်ဆုံး သူ့အနေနဲ့ အပြစ်ရှိကြောင်း လက်ခံတယ် ဆိုပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စွပ်စွဲခံထားရတဲ့ အမှုမှာ တရားလိုဖြစ်တဲ့ အာဏာပိုင်တွေဘက်က စွပ်စွဲထားသလို မဟုတ်ဘဲ လုံခြုံရေး အစီအမံတွေကို ကျော်လွန်ပြီး ဖြစ်ပွားခဲ့တဲ့ အမှုအဖြစ်သာ အရေးယူနိုင်တယ်လို့ သူ့ဘက်က ခုခံချေပခဲ့တာပါ။ ဒီအတွက်ကြောင့်မို့လို့လည်း သူ့အပေါ် အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ် အပြစ်ပေး အရေးယူတဲ့အခါမှာ အသက်ညှာဆုံး စဉ်းစားစီရင်ဖို့ ရုံးတော်ကို လျှောက်လဲချက် ပေးတဲ့နေရာမှာ တင်ပြထားတယ်လို့လည်း ဥပဒေအကျိုးဆောင် ရှေ့နေ ဦးခင်မောင်ဦးက ပြောပါတယ်။

“ကျနော့်လူကတော့ ဘာသာရေးကြောင့် ဘုရားသခင် လွှတ်လွှတ် မလွှတ်လွှတ် ဒါ ပြစ်ဒဏ်ပေးရမယ်။ ပေးတဲ့အခါမှာ ကျနော်က ပြစ်မှုမကင်းသော ကျော်နင်းဝင်ရောက်တယ်လို့ တင်ပြတယ်။ ကျနော်တို့ကတော့ တင်ပြရမယ်။ ဝင်တယ် ဆိုရင် တော့ အပြစ်ရှိတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးက ခြံစည်းရိုးအပြင်ဘက်မှာပဲ သူတို့က တာဝန်ယူတာကိုး။ အဲဒါ ဖောက်ဖျက်တာနဲ့တင် ကျနော်တို့လူကတော့ ပြစ်မှု ကျူးလွန်တာပေါ့။ ပြစ်မှုမကင်းသော ကျော်နင်းမှု ကျူးလွန်တာပေါ့။ အဲဒါပဲ ကျနော်ပြောတာပါ။

“အင်းလျားကန်နဲ့ စည်ပင်သာယာ ဥပဒေက သူတို့ အရင်ကတည်းက ထုတ်ထားတာ။ သင်္ကြန်အတွက် ထုတ်ထားတာ။ လွန်ခဲ့တဲ့ သင်္ကြန်အတွက်။ ထုတ်ထားတာ ရေထဲမဆင်းရ၊ ရေမကူးရ၊ အဝတ်မလျှော်ရ၊ ကားမဆေးရ၊ အဲဒါကတော့ နည်းရင် နည်းသလိုပေါ့ဗျာ၊ တခါတလေလည်း ၃ လလောက်ချ၊ ၁ လလောက်ချဆိုတော့ အဲဒါလည်း ကြည့်ဖို့ပေါ့။ သူက လည်း သူလာကတည်းက အာရုံရလို့ လာတယ် ဆိုကတည်းက ဒီမှာ တားဆီးထားတဲ့ နေရာကို ကျော်ဖြတ်ဖို့ လာတယ်လို့ သူ တောက်လျှောက် ပြောထားတယ်။ ကျနော်တို့ကလည်း သူ့ကို ပြစ်ဒဏ် အနိမ့်ဆုံး ချဖို့ပေ့ါ၊ ချခွင့်လည်း ရှိပါတယ်။ ဒါကြောင့် အဲဒါကို တင်ပြတာပါ။”

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းကို ရေကူး ဝင်ရောက်ခဲ့လို့ တရားစွဲဆိုတာတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံသား မစ္စတာယက်တောရဲ့ ရှေ့နေ ဦးခင်မောင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သူ့အမှုနဲ့ ပတ်သက်လို့ တရားလိုအဖြစ် စွဲဆိုထားသူ အာဏာပိုင်တွေနဲ့ ခုခံချေပသူ ရှေ့နေတွေရဲ့ အပြီးသတ် လျှောက်လဲချက်တွေကို ကြားနာပြီးတဲ့ နောက်မှာတော့ အပြစ်ရှိမရှိ ဆုံးဖြတ်ချက်ကို လာမယ့် သောကြာနေ့မှာ တရားရုံးက ဆုံးဖြတ်ဖို့ရှိတယ်လို့လည်း သူ့ရဲ့ရှေ့နေ ဦးခင်မောင်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG