အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) ဟာ ကြိုတင် ကြေညာထားခြင်း မရှိဘဲ အီရတ်နိုင်ငံကို ရောက်ရှိနေပြီး အဲဒီမှာရှိတဲ့ တာလီ (Tallil) အမေရိကန် လေတပ်စခန်းကို ရောက်ရှိနေပါတယ်။
မစ္စတာဂိတ်စ်ဟာ အီရတ်ဝန်ကြီးချုပ် နူရီ အယ်လ်-မာလီကီး (Nouri al-Maliki) အပါအ၀င် တခြား အီရတ် ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖို့ရှိပြီး အီရတ်နိုင်ငံရဲ့ လုံခြုံရေးကဏ္ဍမှာ အမေရိကန်စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုဆက်ရှိနေမလဲဆိုတာ နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရှိပါတယ်။
တဆက်တည်းမှာပဲ ၂၀၁၁ ခုနှစ် အဆုံးမှာ အမေရိကန်တပ်တွေ အီရတ်က အပြီးသတ် ဆုတ်ခွာသွားပြီးနောက် အီရတ်အဖို့ လုံခြုံရေးအတွက် စစ်လက်နက်နဲ့ တခြား လုံခြုံရေးဆိုင်ရာ စက်ပစ္စည်း ကိရိယာတွေ ရောင်းချပံ့ပိုးဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးဖို့ ရှိပါတယ်။
အဲဒီနောက် အီရတ်နိုင်ငံတွင်းက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကာဒစ်ရှ် (Kurdish) ဒေသကို သွားရောက်ပြီး ဒေသခံ ကာဒစ်ရှ် လူနည်းစုနဲ့ လူများစု အာရပ်လူမျိုးတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွက် ကြားဝင် စေ့စပ်ပေးဖို့ ရှိပါတယ်။
ကာ့ဒ်လူမျိုးတွေနဲ့ အာရပ်လူမျိုးတွေဟာ အီရတ်ရဲ့ ရေနံပေါကြွယ်ဝတဲ့ ကာဒစ်ရှ်ဒေသနဲ့ ပတ်သက်ပြီး အငြင်းပွားရာက နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် စိုးရိမ်ထိတ်လန့်စရာတွေ ဖြစ်နေပါတယ်။
ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်ဟာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် အဲဒီဒေသကို ရောက်နေတဲ့ အမေရိကန် ထိပ်တန်း အစိုးရအရာရှိ ၃ ဦးထဲက တဦး ဖြစ်ပါတယ်။