သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံ ဆန္ဒပြသူ ၁၄၀ အီရန် ပြန်လွှတ်


အီရန်နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ လူ ၁၄၀ ကို အီရန် အာဏာပိုင်တွေက အင်္ဂါနေ့ကပဲ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အခု လွှတ်ပေးလိုက်တဲ့ သူတွေဟာ အမှုသေးလေးတွေနဲ့ပဲ တရားစွဲခံထားရပြီး အာမခံနဲ့ ပြန်လွှတ်လိုက်တာ ဖြစ်တယ်လို့ အမတ် ကာဇီ ဂျလာလီ (Kazem Jalali) က အီရန် သတင်းဌာနကို ပြောပါတယ်။

ရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီးမှုတွေကို စုံစမ်းစစ်ဆေးတဲ့ အထူးလွှတ်တော် ကော်မတီ အဖွဲ့ဝင်တွေဟာ တီဟီရန် မြို့တော်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အီဗင် (Evin) အကျဉ်းထောင်ကို အင်္ဂါနေ့ အစောပိုင်းကပဲ သွားရောက်ခဲ့ပါတယ်။

ရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီးခံရသူ အများစုကို အဲဒီအကျဉ်းထောင်မှာ ဖမ်းထားတယ်လို့ ယူဆရပါတယ်။

တနင်္လာနေ့ စာရင်းအရ အဖမ်းခံရသူ အယောက် ၃၀၀ လောက် ထောင်ထဲမှာ ရှိနေဆဲဖြစ်ပြီး အခု အာမခံနဲ့ လွှတ်ပေး လိုက်တဲ့ သူတွေထက် ပိုကြီးလေးတဲ့ ပြစ်မှုတွေကိုတော့ အကြမ်းဖျင်း လူ ၁၅၀ လောက် ရင်ဆိုင်နေရတယ်လို့ အမတ် မစ္စတာဂျလာလီက ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေးကို လိုလားသူ ဖမ်းဆီးခံ အကျဉ်းသားတွေကို ဆက်ပြီး ထောင်ချထားမလား၊ ပြန်လွှတ်ပေးမလားဆိုတာ တပတ်အတွင်းမှာ ဆုံးဖြတ်ဖို့အတွက် တရားသူကြီးချုပ်က တရားရေး အရာရှိတွေကို အမိန့်ပေးထားကြောင်း အီရန် သတင်း ဌာနက တနင်္လာနေ့ကပဲ ပြောသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG