သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရအပေါ် အမေရိကန် ဒဏ်ခတ် အရေးယူမှု သက်တမ်း ထပ်တိုး


မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေး အခြေအနေ တိုးတက်အောင် မလုပ်နိုင်တာတွေကြောင့် အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ထားတာကို သက်တမ်းတိုးမြှင့်ဖို့ သမ္မတ ဘရက်ခ် အိုဘားမား က လက်မှတ် ရေးထိုးလိုက်ပါပြီ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်တွေ ပြောင်းလဲကောင်း ပြောင်းလဲမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောထားပေမဲ့ စစ်အစိုးရရဲ့ မပြောင်းလဲတဲ့ သဘောထားတွေကြောင့် ဒီလို အရေးယူမှုတွေကနေလည်း လျော့သွားစရာ မရှိဘူးလို့် အတိုက်အခံ နိုင်ငံရေး အသိုင်းအဝန်းက တွက်ဆ နေကြတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပြန်ပြောင်းသုံးသပ်နေတဲ့ အမေရိကန် ပြည်ထောင်စုက စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေလုပ်ဆောင်ဖို့ ချမှတ်ထားတဲ့ ဥပဒေကို နောက်ထပ် ၃ နှစ် သက်တမ်းတိုးဖို့ သမ္မတ ဘရက်ခ် အိုဘားမား က မနေ့တုန်းကပဲ လက်မှတ်ရေးထိုး အတည်ပြုလိုက်တာပါ။ ကျောက်မျက်ရတနာတွေ အပါအဝင် မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုတွေကို တားမြစ်တဲ့ Burmese Freedom and Democracy Act ၂၀၀၃ ခုနှစ် ဥပဒေကို အထက်နဲ့ အောက် လွှတ်တော် ၂ ရပ်က ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ အတည်ပြု မဲပေးပြီး အခုနောက်ဆုံး သမ္မတက လက်မှတ်ရေးထိုး သက်တမ်း တိုးလိုက်တာပါ။ ဒါဟာဆိုရင် လက်ရှိဖမ်းဆီးခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးတာ အပါအဝင် နိုင်ငံရေး အခြေအနေတွေ တိုးတက်အောင် လုပ်မယ်ဆိုရင် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်တာလို စစ်အစိုးရနဲ့ ဆက်ဆံရေးမှာ အပြောင်းအလဲတွေ လုပ်နိုင်ပါတယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောထားပြီး မရှေးမနှောင်း ဆိုသလို ထွက်ပေါ်လာတာပါ။ ဒီလို အခြေအနေမျိုးမှာ အမေရိကန်ဘက်က လိုက်လျောလိုတယ် ဆိုရင်တောင် နီးစပ်နိုင်မယ့် အလားအလာတွေ မမြင်ရဘူးလို့ ယူဆသူကတော့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အတွင်းရေးမှူး ဦးဝင်းတင် ပါ။

“စစ်အစိုးရက ဒီအတောအတွင်းမှာ သူတို့ကို အရေးယူပိတ်ဆို့တယ်ဆိုတာမျိုးကို မဖြစ်စေချင်ဘူး။ ကမ္ဘာမှာလည်း မျက်နှာပန်းမလှဘူး ဆိုတာကိုသာ ရှောင်ချင်တာပဲ။ သူတို့ဘက်က ဘာမှလျော့ပေးဖို့ လမ်းမရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာကနေ ဘယ်လိုပဲ မျှောင်လင့်နေနေ၊ ဘယ်လိုပဲ တောင်းဆိုနေနေ သူတို့ကတော့ ကျွန်တော်ထင်တယ် ထောင်ချဖို့ပဲ ရည်ရွယ်တာပဲ။ ထောင်ချတယ်ဆိုတာကလည်း စကားပေ့ါဗျာ။ ထောင်ချတယ်ပေါ့။ အဓိကတော့ ဒီလာမယ့် ရွေးကောက်ပွဲ မတိုင်ခင် ကာလအတွင်းမှာ ဒေါ်စုကို နိုင်ငံရေး ပင်မရေစီးကြောင်းကနေ ဖယ်ထုတ်ပစ်ချင်တဲ့ ဆန္ဒသဘောထားပဲ သူတို့ ရှိတယ်။ အဲဒီ ဆန္ဒသဘောထားအတိုင်းပဲ သူတို့ လုပ်မှာပဲ။ အဲဒီတော့ အမေရိကန်အစိုးရကနေ သူတို့ အရေးယူမှုတွေ လုပ်သော်ငြားလည်း သူတို့က ဘာမှ ပျော့ပြောင်း လာမှာ မဟုတ်ဘူး။ အဲဒီတော့ အမေရိကန် အစိုးရက သူ့ရဲ့ မူဝါဒ ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ဖို့ လုပ်နေတယ်။ မလုပ်ခင်မှာ ဒီကိစ္စတွေ ပေါ်နေတာကိုး။ သူတို့ဘက်က လက္ခဏာတွေကို ကြည့်ခြင်းအားဖြင့် အမေရိကန် ပြန်သုံးသပ်တဲ့နေရာမှာ ကျွန်တော်ထင်တယ်။ ခပ်တင်းတင်းလေးပဲ မူဝါဒတွေကို ကိုင်စွဲရမှာပဲလို့။ ”

ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေမြို့မှာ ပြီးခဲ့တဲ့ တပတ်ထဲ ကျင်းပပြီးစီးသွားတဲ့ အာဆီယံ ဒေသဆိုင်ရာ လုံခြုံရေး အစည်းအဝေးပွဲ ကာလအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် က ဆက်ဆံရေး အပြောင်းအလဲတွေ လုပ်နိုင်တဲ့ အကြောင်း မှတ်ချက်ပေး ပြောဆိုခဲ့တဲ့ အပေါ်မှာတော့ ဒါဟာ ပြည်တွင်းရေးကို စွက်ဖက်လာတာ၊ အာဆီယံ အသင်းကြီးအပေါ် သြဇာ လွှမ်းမိုးဖို့ ကြိုးပမ်းလာတာဆိုပြီး အစိုးရပိုင် သတင်းစာတွေက တုံ့ပြန် ဖော်ပြခဲ့ကြတာပါ။ လက်ရှိ မြန်မာစစ်အစိုးရရဲ့ ရပ်တည်ချက်တွေကြောင့် အမေရိကန် အစိုးရနဲ့ နီးစပ်ဖို့ အလှမ်းဝေးနေဦးမယ်လို့ တွက်ဆသူ နောက်တဦးကတော့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ ဦးအေးသာအောင် ဖြစ်ပါတယ်။

“အခုလို ပုံစံမျိုးဆိုရင်တော့ ပျော့ပြောင်းလာမယ့် အနေအထားမျိုးတော့ ဖြစ်လာလိမ့်မယ်လို့ ပြောဖို့ ခက်ပါတယ်။ အရင် အတိုင်းပဲ သူတို့ ပေါ်လစီအတိုင်း ဆက်လက်ပြီးတော့ လုပ်သွားလိမ့်မယ်လို့ မြင်ပါတယ်။ အမေရိကန်မှာ ကျင့်သုံး နေတဲ့ အမေရိကန်ရဲ့ ပေါ်လစီဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျင့်သုံးနေတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် တစုံတရာ အတိုင်းအတာအထိ ချမှတ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာလည်း အဆိုးဆုံး အခြေအနေလို့ ပြောစရာ၊ ယူဆနိုင်စရာ ရှိပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ ပျော့ပြောင်းလာဖွယ် မရှိဘဲ ပိုပြီးတော့ ပြတ်သားတဲ့၊ ပြင်းထန်တဲ့ ပေါ်လစီတွေသာ ကျင့်သုံး လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်မိပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံအရေး အခြေအနေတွေ တိုးတက်မှု မရှိလို့ အမေရိကန် ပြည်ထောင်စု၊ အီးယူ (ဥရောပ သမဂ္ဂ) နိုင်ငံ တွေက စစ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူထားတာ ဖြစ်ပေမဲ့လည်း ဒါတွေဟာ ထိရောက်မှု မရှိဘူး၊ အကျိုးထက် အပြစ် က များတယ် ဆိုပြီးဝေဖန်မှုတွေလည်း ရှိနေတာပါ။ သမ္မတ ဘရက်ခ် အိုဘားမား ဦးဆောင်တဲ့ အစိုးရ တက်လာပြီး နောက်ပိုင်းမှာတော့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထိရောက်တဲ့ ရလာဒ်တွေ ထွက်လာဖို့ ဘာတွေလုပ်နိုင်မလဲဆိုပြီး သူတို့ရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ပြန်လည် သုံးသပ်တာတွေ လုပ်နေတာပါ။ ဒါပေမဲ့လည်း ဒါတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ကာနီးမှ ဥပဒေ ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုတာတွေ လုပ်နေတာကြောင့်လည်း ဒီလို သုံးသပ်မှုတွေ အပြီးမသတ်နိုင်ဘဲ ဖြစ်နေရတာ ပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG