အာဆီယံဒေသတွင်းမှာ ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ ရေအားလျှပ်စစ် ထုတ်လုပ်မှုတွေ ဆက်ပြီး လည်ပတ်နေနိုင်ဖို့ အရေး ဆွေးနွေးပြောဆိုမှုတွေကို အာဆီယံနိုင်ငံတွေက စွမ်းအင်ဆိုင်ရာ အရာရှိကြီးတွေနဲ့ မန္တလေးမြို့မှာ ပြုလုပ်နေကြပါပြီ။ အာဆီယံ အသင်းဝင် ဆယ်နိုင်ငံအပြင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက စွမ်းအင်ဆိုင်ရာ ကိုယ်စားလှယ်တွေပါ တက်ရောက် ဆွေးနွေးနေကြတဲ့ နှစ်ပါတ်လည်ပွဲပါ။ တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ဆွေးနွေးနေကြတာပါ။ စွမ်းအင်ဆိုင်ရာ ပူးပေါင်း လုပ်ဆောင်မှုတွေကို ၅နှစ် စီမံကိန်းတခု ချပြီး လုပ်ဆောင်ကြဖို့ ဆွေးနွေးနေကြတာလို့ အစည်းအဝေး တက်ရောက်နေကြတဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။ အဲဒီ စီမံကိန်းဟာ နောက်နှစ်ထဲကျရင် စမှာ ဖြစ်ပြီး ပါတ်ဝန်းကျင် ညစ်ညမ်းမှုကို မဖြစ်စေမယ့် နည်းပညာတွေနဲ့ လုပ်ဆောင်ကြမှာလို့ ဆိုပါတယ်။
အာဆီယံဒေသတွင်းမှာ စွမ်းအင်ဆိုင်ရာ မြေပုံညွန်းတွေ ရေးဆွဲဖို့၊ ဓါတ်ငွေ့ပိုက်လိုင်းတွေ၊ ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ ရေအား လျှပ်စစ် ထုတ်လုပ်နိုင်အောင် ရှာဖွေရေး၊ ပြန်လည် အသုံးချနိုင်တဲ့ စွမ်းအင်နဲ့ နျူကလီးယား စွမ်းအင်တွေကို ဖေါ်ထုတ်နိုင် ရေး လုပ်ငန်းတွေပါ အဲဒီစီမံကိန်းမှာ ပါဝင်ပါတယ်။ အခုအစည်းအဝေးဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ မြန်မာနိုင်ငံက သူ့ရဲ့ရေနံနဲ့သဘာဝတွေကို နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ မျက်စိကျအောင် ဆွဲဆောင်တဲ့ပွဲ တခုလည်း ဖြစ်ပါတယ်။ မြန်မာ ပြည်အတွင်း စွမ်းအင်ဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့အထဲမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ ကတော့ အရင်းအနှီး အများဆုံးဖြစ်ပါတယ်။ အခု အစည်းအဝေးမှာ သံလွင်မြစ်အတွင်း ရေအားလျှပ်စစ် ထုတ်လုပ်မယ့် ရေကာတာ တည်ဆောက် ရေး စီမံကိန်း၂ခုကိစ္စကိုပါ ဆွေးနွေးကြလိမ့်မယ်လို့လည်း အစည်းအဝေးကို တက်နေတဲ့ ကိုယ်စားလှယ်တွေက ပြောပါ တယ်။