သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအပေါ် တရားစွဲဆိုမှု ရုပ်သိမ်းပြီး လွှတ်ပေးဖို့ ဘန်ကီမွန်း တောင်းဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးနေတဲ့ တရားခွင် အဆုံးသတ်တော့မယ့်အချိန် နီးကပ်လာတာနဲ့အမျှ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးဖို့ တောင်းဆိုသံတွေ ထွက်ပေါ်လာနေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေကို ပယ်ဖျက်ပြီး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ ရုံးချုပ်မှာ မနေ့တုန်းကပဲ တိုက်တွန်း ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆို ကြားနာမှုတွေ ပြီးဆုံးလို့ အဆုံးသတ် စီရင်ချက် ချမှတ်ဖို့ မနက်ဖြန် သောကြာနေ့ မှာ ချိန်းဆိုထားတာမို့ ထွက်ပေါ်လာဖွယ်ရာရှိတဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀န်းက စိုးရိမ်မကင်းသံ တွေ လည်း ကြားနေရတာပါ။ ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီလဆန်းပိုင်းတုန်းကပဲ ၂ ရက်ကြာ မြန်မာနိုင်ငံကို ရောက်သွားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း အပါအ၀င် ဖြစ်ပါတယ်။ နယူးယောက်ခ်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သူ့အနေနဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ကိစ္စတွေကို ပြောခဲ့တာပါ။

“ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်မှုတွေ ဆက်လုပ်နေတာနဲ့ ပတ်သက်လို့ ကျနော် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ကျနော် ရောက်တုန်းကလည်း ပြောပြီးပါပြီ၊ သူ့အပေါ် စွပ်စွဲချက်တွေကို ရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ ထပ်တလဲလဲ ပြောခဲ့ တာပါ။ ဒီအတွက်လည်း ဆက်ပြီး ဖိအားပေးသွားမှာပါ။”

အတွင်းရေးမှူးချုပ်ကတော့ နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်နေတယ်၊ သူ့ခရီးစဉ်အပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အစီရင်ခံတုန်းက စစ်အစိုးရ ကိုယ်စားလှယ်က ကတိပြုထားတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိတယ်ဆိုတဲ့ ကတိက၀တ်တွေကိုလည်း စောင့်ထိန်းသွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့တာပါ။ အတွင်းရေးမှူးချုပ်က ဒီလို မှတ်ချက်ပေး ပြောဆိုလိုက်တာဟာဖြင့် မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေရဲ့ အခြေခံတွေကို ဖြေရှင်းပေးဖို့ တိုက်တွန်း တောင်းဆိုချက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လည်း ကြိုဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးဟာ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဒေါက်တာဝင်းနိုင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးဆိုတာလည်း ကျနော်တို့ဘက်က ရှေ့နေတွေက အကြိမ်ကြိမ် ပြောပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သူ့မှာ အပြစ်မရှိကြောင်း ရုံးတော်မှာ သူ တင်ပြပြီးပြီ။ ဘာပဲဖြစ်ဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ကျနော်တို့တိုင်းပြည် အမှန်တကယ် ဖွံ့ဖြိုး တိုးတက်စေချင်တယ်၊ တကယ်ကို ဒီမိုကရေစီရေးကို ရှေးရှုမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအမှုက ရုပ်သိမ်းပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ ကျနော်တို့ကတော့ လိုလားတယ်။

“ကျနော်တို့ရဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာလည်း ဒီကိစ္စတွေကို အဓိကထား ပြောထားတယ်။ နံပါတ်တစ်အချက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ပြီးရင် ဆုံးဖြတ်နိုင်တဲ့ Power ရှိတဲ့ ပုဂ္ဂိုလ်တွေ တွေ့ဆုံ ဆွေးနွေးဖို့၊ ပြီးရင် ဒီတွေ့ဆုံဆွေးနွေးပွဲက ရလဒ်တွေအတိုင်း အတည်ပြုပြီး ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်ဖို့ဆိုပြီး ရွှေဂုံတိုင်ကြေညာစာတမ်းမှာလည်း ပြောထားတဲ့အတွက် မစ္စတာဘန်ကီမွန်းရဲ့ တိုက်တွန်းတောင်းဆိုချက်ကို ကျနော်တို့က အပြည့်အ၀ ထောက်ခံပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးအရ တိုးတက်မှုတွေရှိအောင် လုပ်ဖို့ တိုက်တွန်းတောင်းဆိုသံတွေ ထွက်ပေါ်နေပေမဲ့လည်း ဒါဟာ ပြည်တွင်းရေးကိစ္စကို ၀င်ရောက်စွက်ဖက်တာ၊ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုရဲ့ တရား စီရင်ရေးစနစ်ကို ၀င်ပါနေတာဆိုပြီး တုံ့ပြန်ပြောဆိုမှုတွေကို အစိုးရပိုင် သတင်းစာတွေကတော့ ဖော်ပြနေကြတာပါ။ တကယ်တော့ နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ကာနီးကြမှ အခုလို တရားစွဲဆိုတာတွေနဲ့ ကြုံနေရတဲ့အတွက် စစ်အစိုးရရဲ့ တရားစီရင်မှုအပေါ် အများက သံသယ ၀င်နေကြသလို ကြားနာစစ်ဆေးမှုတွေလုပ် ရှေ့နေရှေ့ရပ်တွေနဲ့ ခုခံချေပခွင့် ပေးထားတယ် ဆိုပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ရှိကြောင်းသာ ဆုံးဖြတ်လိမ့်မယ် ဆိုပြီးတော့လည်း သံသယတွေ ရှိနေကြတာပါ။ အတွင်းရေးမှူးချုပ်ကတော့ ဒီလိုသာ ဆုံးဖြတ်ရင် စစ်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း ရဲ့ လိုလားချက်တွေကို ကျောခိုင်းရာ ရောက်လိမ့်မယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အသိုင်းအ၀န်းထဲကို အပြည့်အ၀ ပြန်လည်ဝင်ရောက်လာတာ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ၊ ကမ္ဘာ ပေါ်က တခြားလူတွေလိုပဲ လွတ်လပ်တဲ့အရသာကို ခံစားနိုင်တာကို မြင်တွေ့လိုကြတဲ့ နိုင်ငံတကာက ဆန္ဒတွေ မျှော်လင့်ချက် တွေအပေါ် သစ္စာဖောက်သလို ဖြစ်ပါလိမ့်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ပေး စီရင်ခဲ့မယ် ဆိုရင်တော့ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ၀င်ဆံ့ နိုင်မယ့် အခွင့်အလမ်းကောင်း တခုကို ဆုံးရှုံးရလိမ့်မယ် ဆိုပြီးတော့လည်း အတွင်းရေးမှူးချုပ်က သတိပေး ပြောဆိုခဲ့တာပါ။ ဒီလိုသာမက နိုင်ငံတကာက ဖိအားတွေ၊ အရေးယူ ဆောင်ရွက်မှုတွေသာ ပိုလာနိုင်တာမို့ တိုင်းပြည်အတွက် ဆိုးကျိုးတွေ သာ ထွက်ပေါ်လာစရာ ရှိတယ်လို့ ရှုမြင်သူကတော့ NLD ပါတီက ဒေါက်တာဝင်းနိုင် ဖြစ်ပါတယ်။

“တိုင်းပြည်ရဲ့ ရှေ့အနာဂတ်ကို ပုံဖော်ပြီး တဖက်က နအဖအနေနဲ့ လက်တွဲသွားနိုင်မယ့် ခေါင်းဆောင်တယောက်ကို ဒီလိုသာ အပြစ်ဒဏ် ချခဲ့မယ်ဆိုရင် ရှေ့အလားအလာကတော့ တိုင်းပြည်အနေနဲ့ ရင်လေးစရာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး ဆိုတာကို တည်ဆောက်နိုင်ဖို့က တော်တော်ခဲယဉ်းသွားမယ်။ ကျနော်တို့ မျှော်မှန်းနေတဲ့ ရှေ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့၊ ဒီမိုကရေစီရေးတို့ဆိုတဲ့ အလားအလာတွေကလည်း မှေးမှိန်သွား လိမ့်မယ်။

“ဒါ့အပြင် နိုင်ငံတကာ မိသားစုက မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တခုက ပျောက်ကွယ်သွားမယ် ဆိုရင်တော့ နိုင်ငံတကာ မိသားစုအနေနဲ့ကလည်း ဒီအပေါ်မှာ စိတ်ပျက်မယ်၊ ဒေါသဖြစ်မယ်၊ အဲဒီအတွက် သူတို့ကလည်း တုံ့ပြန်ကြမှာပဲ။ အဲတော့ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုလာမယ့် စီးပွားရေး အလာအလာတွေ၊ အကူအညီတွေဆိုတာ ကျနော်တို့ မြန်မာနိုင်ငံ ပြည်သူ ပြည်သားတွေ ခံစားရဖို့ဆိုတာ တော်တော်ခဲယဉ်းသွားမယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ပြဿနာတွေ၊ စီးပွားရေး ပိတ်ဆို့မှု တွေကလည်း ပိုဆိုးလာမယ်၊ နိုင်ငံရေး ပြဿနာတွေကလည်း ပိုနက်ရှိုင်းသွားလိမ့်မယ်လို့ ကျနော်တို့တော့ မြင်တယ်။”

NLD ပါတီ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဒေါက်တာဝင်းနိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပြန်ပြောင်းသုံးသပ်နေတဲ့ အမေရိကန်ပြည်ထောင်စုကတော့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုရှိအောင် မလုပ်နိုင်တာကြောင့် စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု တွေ လုပ်ဆောင်ဖို့ ချမှတ်ထားတဲ့ ဥပဒေကို နောက်ထပ် ၃ နှစ် သက်တမ်းတိုးဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အင်္ဂါနေ့တုန်းကပဲ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ အဖိုးတန် ကျောက်မျက်တွေ အပါအ၀င် မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုတွေကို တားမြစ်တဲ့ မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး ၂၀၀၃ ခုနှစ် ဥပဒေကို အထက်နဲ့ အောက် လွှတ်တော် ၂ ရပ်က ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ အတည်ပြု မဲပေးပြီး သမ္မတက လက်မှတ်ရေးထိုး သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG