သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်ကို ဘန်ကီမွန်း ခေါ်တွေ့


ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု စီရင်ချက်ချမယ့်နေ့ ဖြစ်ပါတယ်။ ဒီနေ့ကျင်းပမယ့် တရားခွင်ကို အမေရိကန်ဘက်က ကောင်စစ်ဝန်တဦးလည်း တက်ရောက်လိမ့်မယ်လို့ မနေ့က ကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုဘက်က အထူးစောင့်ကြည့်နေတယ်၊ ပြီးခဲ့တဲ့ အပြီးသတ် လျှောက်လဲချက်တင်တဲ့ တရားခွင်ကိုလည်း အမေရိကန် ကောင်စစ်ဝင်တဦး တက်ရောက်ခဲ့တယ်၊ အမေရိကန် နိုင်ငံသားတဦးကလည်း ဒီအမှုနဲ့အတူ တရားခွင်မှာ ရင်ဆိုင်နေရတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ဆိုတဲ့ အမေရိကန်ဘက်က ရပ်တည်ချက်ကို လူသိရှင်ကြား တောက်လျှောက် ပြောနေခဲ့တာ ဖြစ်တယ်၊ မကြာခင်တုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က အာဆီယံ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုတဲ့အကြောင်း ပြောထားခဲ့ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ (Ian Kelly) က ရှင်းပြခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရက စွဲဆိုထားတဲ့ စွပ်စွဲချက်တွေကို ပြန်ရုပ်သိမ်းပြီး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဗုဒ္ဓဟူးနေ့က ပြောထားပါတယ်။ ကုလသမဂ္ဂ ရုံးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးသန်းဆွေကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း လွန်ခဲ့တဲ့ နာရီပိုင်းက ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရုံးက ဗွီအိုအေကို ပြောပါတယ်။ သူတို့တွေ ဘာအကြောင်း ပြောဆိုသလဲတော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG