သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု စီရင်ချက်အတွက် လုံခြုံရေး တင်းကျပ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုကို အပြီးသတ် စီရင်ချက်ချမယ့် ဒီနေ့ သောကြာနေ့မှာ ရန်ကုန်မြို့က အင်းစိန်ထောင်တဝိုက်မှာ လုံခြုံရေးကို အထူး တင်းကျပ်ထားပါတယ်။

တရားရုံးက စီရင်ချက်ချလိုက်ရင် ဘယ်လိုနည်းနဲ့မှ ဆန္ဒပြတာတွေ မလုပ်ကြဖို့ မြန်မာစစ်အစိုးရက သတိပေးထားပါတယ်။ နေအိမ်အကျယ်ချုပ် ဖမ်းဆီးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မေလမှာ ဖမ်းဆီးခဲ့ပါတယ်။

မေလတုန်းက အမေရိကန် နိုင်ငံသားတဦး သူ့နေအိမ်ခြံဝင်းထဲကို မဖိတ်ခေါ်ဘဲ ဝင်ရောက်ခဲ့တာကို ခွင့်ပြုထားလို့ဆိုပြီး တရားသူကြီးက အပြစ်ရှိတယ်လို့ အမိန့်ချရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၅ နှစ် ချခံရမှာ ဖြစ်ပါတယ်။ သူ့နေအိမ်ထဲ ဝင်ရောက်သူလည်း တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာ ရှိပါတယ်၊ ဒါပေမယ့် အဆိုးဆုံး အခြေအနေအတွက်လည်း ပြင်ဆင်ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက အင်္ဂါနေ့ကပဲ ထပ်ပြီး တိုက်တွန်းသွားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်မှုကို သေချာ စောင့်ကြည့်နေပါတယ်၊ အမေရိကန် ကောင်စစ်ဝန်ကလည်း ဒီတရားခွင်ကို တက်ရောက်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသွားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရက စွဲဆိုထားတဲ့ စွဲချက်တွေကို ပြန်ရုပ်သိမ်းပြီး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဗုဒ္ဓဟူးနေ့ကပဲ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ ရုံးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးသန်းဆွေကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက လွန်ခဲ့တဲ့ နာရီပိုင်းက ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရုံးက ဗွီအိုအေကို ပြောပါတယ်။ သူတို့တွေ ဘာအကြောင်း ပြောဆိုသလဲ ဆိုတာတော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG