သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု စီရင်ချက်ချမည့်ရက် သြဂုတ်လ ၁၁ ရက်ကို ရွှေ့ဆိုင်း


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုအတွက် ဒီကနေ့ စီရင်ချက်ချဖို့ ချိန်းဆို ထားပေမဲ့ တရားသူကြီးက ရုံးချိန်းထပ်ပေးပြီး စီရင်ချက်ချမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အမှုကိုဆုံးဖြတ်ဖို့ရာ ဥပဒေ ရေးရာ ပြဿနာတွေ ရှိနေသေးတယ်ဆိုပြီး တရားရုံးက အကြောင်းပြတယ်လို့ အကျိုးဆောင်ရှေ့နေကြီးတဦးက ပြောပါ တယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထား ပါတယ်။

ဒီကနေ့မနက် ၁၀ နာရီမှာ စီရင်ချက်ချမယ် ဆိုပြီးတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်၊ အင်္ဂါနေ့မှာ တရားသူကြီးက ရုံးချိန်း ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့မှာတော့ စီရင်ချက်မချဘဲ ရွှေ့ဆိုင်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကပြောပါတယ်။

"ဒီကနေ့ အမိန့်မချဘူးခင်ဗျ။ ၁၁ ရက်နေ့ မနက် ၁၀ နာရီကို ရွှေ့ပါတယ်။ အကြောင်းပြချက်ကတော့ ဒီအမှုကို ဆုံးဖြတ် ဖို့ရာအတွက် ဥပဒေ ပြဿနာတွေ ရှိနေတယ်၊ အဲဒါတွေကို သုံးသပ်နေရလို့ ဆိုပြီးတော့ အကြောင်းပြပါတယ်။"

ဘယ်လိုဥပဒေပြဿနာတွေ ရှိနေတယ် ဆိုတာကိုတော့ တရားသူကြီးက တိတိကျကျ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ နေအိမ် ထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်လာခဲ့တဲ့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယမ် ယက်တော ကို အဲဒီ အချိန်က နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာဟာ အကျယ်ချုပ် ချထားတဲ့ တားဆီးမိန့်ကို ဖောက်ဖျက်တာ ဆိုပြီးတော့ တရားလိုတွေဘက်က စွပ်စွဲထားပါတယ်။ ဒီလိုစွပ်စွဲတာမှာ သူတို့ဘက်က အသုံးပြုတဲ့ဥပဒေတွေဟာ ၁၉၈၈ ခုနှစ်က ဖျက်သိမ်းခဲ့ပြီးသားဖြစ်တဲ့ ၁၉၇၄ ခုနှစ်၊ အခြေခံဥပဒေပါ ပြဌာန်းချက်တွေ ဖြစ်တာကြောင့် အကျုံးမဝင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းတို့ ဘက်က ပြန်ပြီး ချေပထားတာပါ။ အခု တရားရုံးကပြောတဲ့ ဥပဒေပြဿနာတွေဆိုတာ အဲဒီလိုအချက်တွေ ဖြစ်နိုင်တယ်လို့ ယူဆကြောင်း ဦးဉာဏ်ဝင်းကပြောပါတယ်။

"ကျနော်တို့မြင်တဲ့ ဥပဒေပြဿနာကတော့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ သုံးလို့ရမရရယ်၊ နောက်ပြီးတော့ ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ၂၀၀၃ ခုနှစ်ကတည်းက ထိန်းသိမ်းခဲ့ခြင်းဟာ တရားဝင်မှု ရှိမရှိ ဆိုတာရယ်၊ ဒီပြဿနာ ၂ ခု ရှိနေတယ်လို့တော့ ကျနော်တို့ဘက်က မြင်တာပေါ့။ ဥပဒေရေးအရ အခု ထိန်းသိမ်းတာတွေက တရားမဝင်ဘူး။ တရား မဝင်တဲ့အကြောင်းတွေက အဲဒီမှာ ပုဒ်မ (၇) တို့ (၈) တို့၊ အဲဒီဟာတွေနဲ့ နောက်တခါ တားဆီးမိန့်တွေကလည်း တရားမဝင် ဘူး။ တားဆီးမိန့်ကို ပုဒ်မ (၁၁) အရပဲ လုပ်ရမယ်။ အဲဒါက တယ်လီဖုန်း ဆက်တာ၊ စာဆက်သွယ်တာလုပ်တာ၊ ဒါတွေက တရားမဝင်ဘူးလို့ ထောက်ပြထားတယ်။"

ဒီအမှုကို စပြီးစစ်ဆေးစဉ်ကတည်းက စွဲချက်တွေဟာ ဥပဒေနဲ့မညီညွတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတွေ ကနေ ချေပလာခဲ့ကြတာပါ။ ဥပဒေရေးရာ ကျွမ်းကျင်သူ အများအပြားကလည်း ဒီအမှုဟာ ဥပဒေနဲ့ မကိုက်ညီ ဘူးလို့ ဝေဖန် ပြောကြားထားတာတွေ ရှိပါတယ်။ အခုတော့ အမှုကိုဆုံးဖြတ်ဖို့ ဥပဒေပြဿနာတွေ ရှိနေတယ်လို့ တရားရုံး ကိုယ်တိုင်က ပြောလာပြီမို့ တကယ်ပဲ ဥပဒေ ပြဿနာတွေကြောင့် ဒီကနေ့မှာ စီရင်ချက်မချနိုင်ဖြစ်ရတာပါလား၊ တခြား ဘယ်လိုအကြောင်းတွေများ ရှိနေနိုင်ပါသလဲ။ အရင် အစဉ်အလာတွေ အရကတော့ မြန်မာစစ်အစိုးရဟာ တရားစီရင်ရေး စနစ်ထဲမှာ နိုင်ငံရေးပယောဂနဲ့ ဝင်ရောက်စွက်ဖက်တာတွေ ရှိခဲ့ဖူးတာမို့ အခု စီရင်ချက်ချဖို့ ရက်ရွှေ့တာမှာလည်းပဲ နိုင်ငံရေး ရည်ရွယ်ချက် ပါနိုင်တယ်လို့ သုံးသပ်သူ ကတော့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူတဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းပါ။ "ကျနော်တို့ ကြားတာက ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာလကစလို့ စစ်အစိုးရရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တွေမှာ သူတို့က 'နိုင်လုံ' လို့ ခေါ်ပါတယ်။ နိုင်ငံတော် လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးလား စသဖြင့် ကော်မတီ တခု ရှိတယ်။ အဲဒီကနေပြီးတော့ ကိစ္စ တော်တော်များများကို ဆုံးဖြတ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ကိစ္စကလည်း ထောင်ချမလား၊ ရှေ့ကို ဘယ်လိုလုပ်မလဲ ဆိုတာက နိုင်ငံရေး ဆုံးဖြတ်ချက်အရ ဖြစ်တာများတယ်လို့ ကျနော် ထင်ပါတယ်။"

မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းပါ။

ဒီကနေ့ စီရင်ချက်ချမယ်ဆိုတဲ့အချိန် မတိုင်ခင် မြန်မာစံတော်ချိန် မနက်စောစောမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေကို ခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။ ဘာအကြောင်း ပြောဆိုကြသလဲ ဆိုတာ တိတိကျကျမသိရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မစ္စတာ ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့မှာပဲ တောင်းဆိုခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီနေ့တရားခွင်မှာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ အကျိုးဆောင် ရှေ့နေတွေနဲ့ တောင် နောကပြောင်ပြီးတော့ ရယ်မောနေခဲ့သေးတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါ့အပြင် အဆိုးဆုံးအတွက် ပြင်ဆင်ထားတဲ့အနေနဲ့ အကျဉ်းချခံခဲ့ရမယ် ဆိုရင် အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ စာအုပ်တွေ စုဆောင်းထားပါ တယ်တဲ့။

"စာအုပ်ကတော့ အများကြီးပဲဗျ။ အင်္ဂလိပ်စာအုပ် ပါတယ်၊ ပြင်သစ်စာအုပ်ပါတယ်။ မြန်မာစာအုပ်၊ ဘာသာရေး စာအုပ်၊ ပြင်သစ်က စာအုပ်တွေ ပါတယ်။ ပြင်သစ်သမိုင်းစာအုပ် ပါတယ်။ မြန်မာစာအုပ်ကတော့ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ 'တဘ၀ သာသနာ' ပါတယ်။ နောက် တရားထိုင်နည်းတို့ ဘာတို့။ Buddhist Dictionary လည်း ပါတယ်။ ဒါက ကျနော် မှတ်မိသလောက်ပေါ့။ ဒီထက် အများကြီး များပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းပါ။

နေအိမ်အကျယ်ချုပ်သက်တမ်း ပြည့်ခါနီးလေးမှာပဲ ဒီအမှုပေါ်ပေါက်လာခဲ့၊ ရုံးတင်တရားစွဲခံရပြီး ထောင်ဒဏ် ငါးနှစ်ထိ ချမှတ်ခံရနိုင်တဲ့အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတာပါ။ ဒီအတွက်လည်း ကုလသမဂ္ဂနဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ တို့ အပါအဝင် နိုင်ငံတကာကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဝိုင်းဝန်းတောင်းဆို နေကြပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုသာ လွှတ်ပေးမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်လာဖို့ အခွင့်အလန်းပွင့်လာမှာ ဖြစ်သလို ရင်းနှီးမြှုပ်နံှမှုတွေလည်း ပွင့်လာမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာအာဏာပိုင်တွေကတော့ ဒီလို တောင်းဆိုချက်တွေ၊ ကမ်းလှမ်း ချက် တွေအပေါ်မှာ အကောင်းမြင် ပြန်တုံ့ပြန်တာမျိုး ခုချိန်ထိ မတွေ့ရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG