ဖိလစ်ပိုင် သမ္မတဟောင်း ကိုရာဇွန် အကွီနို (Corazon Aquino) ကွယ်လွန်သွားပြီလို့ သူ့မိသားစုက ကြေညာလိုက်ပါတယ်။ မစ္စစ် အကွီနို ဟာ အူမကြီးကင်ဆာ ရောဂါ တနှစ်ကျော်ကြာ ခံစားခဲ့ရပြီး အခု အသက် ၇၆ နှစ်မှာ ကွယ်လွန်ခဲ့တာပါ။
သူ့ရဲ့သား ဘန်နီနို အကွီနီု ဂျူနီယာ (Benigno Aquino Junior) ဟာ လက်ရှိ အထက်လွှတ်တော်အမတ် တဦးဖြစ်ပြီး သူကပဲ ဒီကနေ့ အစောပိုင်းမှာ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ မစ္စ အကွီနို သေဆုံးကြောင်း ကြေညာခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို အနှစ် ၂၀ ကျော် အုပ်ချုပ်လာခဲ့တဲ့ ဖာဒီနန် မားကို့စ် (Ferdinand Marcos) ကို ၁၉၈၆ ခုနှစ်မှာ ကိုရာဇွန် အကွီနို ဦးဆောင်တဲ့ ပြည်သူ့အာဏာ လှုပ်ရှားမှုက ပြုတ်ကျစေခဲ့ပါတယ်။ အဲဒီအပြင် မစ္စ အကွီနိုဟာ ကမ္ဘာပေါ်က တခြား အကြမ်းမဖက် လှုပ်ရှားဆန္ဒပြသူတွေနဲ့ ကွန်မြူနစ် စနစ်ကို ဆန့်ကျင်သူတွေအတွက် နမူနာကောင်း ဖြစ်ခဲ့သူပါ။
မစ္စစ် အကွီနိုဟာ သမ္မတ အဖြစ် တာဝန်ယူခဲ့တဲ့ ၁၉၉၂ ခုနှစ်အထိ သူမဆီက ၆ ကြိမ်ထက်မက အာဏာသိမ်းဖို့ ကြိုးစားတာ တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ သူမဟာ ၁၉၈၃ ခုနှစ်မှာ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်သွားခဲ့တဲ့ အတိုက်အခံ ခေါင်းဆောင် ဘန်နီနို အကွီနိုရဲ့ ဇနီး ဖြစ်ပါတယ်။
မစ္စ ကိုရာဇွန် အကွီနိုဟာ သူ့ကိုယ်သူ ရိုးရိုး အိမ်ရှင်မ တဦးပါပဲ လို့ ပြောဆိုခဲ့တဲ့သူပါ။ ၁၉၈၃ ခုနှစ်တုန်းက ဖိလစ်ပိုင်နိုင်ငံရဲ့ အတိုက်အခံ ခေါင်းဆောင်ဖြစ်တဲ့ သူ့ရဲ့ ခင်ပွန်း ပြည်ပကနေ တိုင်းပြည်ကိုပြန်အလာ လေဆိပ်မှာ လုပ်ကြံခံခဲ့ရပြီး နောက်ပိုင်း သူဟာ တိုင်းပြည်မှာ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် သူရဲကောင်း တဦးလည်း ဖြစ်လာခဲ့ပါတယ်။
၁၉၈၆ ခုနှစ်မှာတော့ တိုင်းပြည်မှာ နှစ်အတော်ကြာအောင် အုပ်ချုပ်လာခဲ့တဲ့ သမ္မတ ဖာဒီနန် မားကို့စ် ကို ယှဉ်ပြိုင်အံတုပြီး ကိုရာဇွန် အကွီနို က သမ္မတ အဖြစ် ဝင်ပြီးတော့ အရွေးခံခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲဟာ သမ္မတ မားကို့စ် က သူပဲ အနိုင် ရအောင် စိတ်ကြိုက် စီစဉ်ခဲ့တာလို့ စွပ်စွဲမှုတွေ ပေါ်လာပြီးနောက်ပိုင်း မကျေနပ်တဲ့ စွပ်စွဲမှုတွေကို ကိုရာဇွန် အကွီနိုက ဦးဆောင်ခဲ့ပါတယ်။
သူ့ရဲ့ ဦးဆောင်မှုကြောင့် ထောင်သောင်းချီတဲ့ ဖိလစ်ပိုင်ပြည်သူတွေဟာ အာဏာရှင် မားကို့စ်ကို ဖြုတ်ချဖို့ လမ်းမတွေပေါ် ထွက်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုကို သူက People’s Power ပြည်သူ့အာဏာ လှုပ်ရှားမှုလို့ ခေါ်ပါတယ်။
ကိုရာဇွန် အကွီနိုဟာ ဖိလစ်ပိုင်နိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီး သမ္မတ လည်း ဖြစ်ပါတယ်။