ဒါ့အပြင် ကားလမ်းတချို့ ရေဖုံးလွှမ်းတာမို့လို့ ကားအသွားအလာ ခေတ္တရပ်ဆိုင်းထားရတယ်လို့လည်း ရေးသားထားပါတယ်။ ဒါကြောင့် အခု မနက် စောစောပိုင်း ရန်ကုန် ဓညဝတီ အဝေးပြေးလမ်းမဂိတ်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ စစ်တွေ၊ တောင်ကုပ်၊ သံတွဲတွေကို ခရီးသည်တင်ကား အသွားအလာ ရှိပေမယ့် တံတား ကြိုးနေတဲ့အတွက် ကားအရွှေ့အပြောင်း လုပ်ရုံကလွဲရင် ကားအသွားအလာ မပိတ်ဘူးလို့ ပြောပါတယ်။
ရန်ကုန် ဓညဝတီ အဝေးပြေးကားဂိတ်က ဝန်ထမ်းတဦး ပြောပြခဲ့တာပါ။ အခုလို ရခိုင်ပြည်မှာသာမက မြန်မာနိုင်ငံ မြောက် ပိုင်းမှာလည်း မိုးတွေ ပိုလာနိုင်တာမိုလို့ သတိပေးချက် ထွက်နေသလို သံလွင်၊ စစ်တောင်းနဲ့ ရွှေကျင်မြစ်တွေမှာလည်း မြစ်ရေတွေဟာ စိုးရိမ်ရေမှတ် ကျော်လွန်နေတယ်လို့ မိုးလေဝသ နဲ့ ဇလဗေဒ ဌာနက သတိပေးချက်တွေ ထုတ်ပြန်ထား ပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့မှာဆိုရင် ဒီရက်ပိုင်းတွေအတွင်း မိုးများလို့ ကားလမ်းတွေပေါ် ရေတက်နေပြီးတော့ ယာဉ်အသွားအလာ ပိတ်ဆို့တဲ့အထိ ဖြစ်နေတယ်လို့ ရန်ကုန်က သတင်းတွေမှာလည်း ဖော်ပြထားပါတယ်။ အခုလို ရာသီဥတု ဖောက်ပြန်မှုကို တားဆီးလို့ မရပေမဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ဖို့က အရေးကြီးတယ်လို့လည်း ဆိုကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ မြစ်ရေလျှံမှုတွေကို ကာကွယ်နိုင်မယ့် ဒီရေတော ပျက်စီးမှုတွေ ရှိနေတယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တွေက ထောက်ပြနေကြပါတယ်။