သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြသူတွေ အမှုစစ်ရာမှာ ဥပဒေနဲ့မညီဟု သမ္မတဟောင်း ဝေဖန်


အီရန်နိုင်ငံမှာ သမ္မတ အမာဒီနီဂျက်(Mahmoud Ahmadinejad) အနိုင်ရသွားတဲ့ ရွေးကောက်ပွဲကို မကျေနပ် တဲ့အတွက် ဆန္ဒပြသူတွေထဲက ၁၀၀ကျော်ကို ရုံးတင်စစ်ဆေးမှုတွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘူးလို့ အီရန် သမ္မတဟောင်း မိုဟာမက် ခါတာမီ Mohammad Khatami က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ အီရန်နိုင်ငံ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ အဖွဲ့ဝင်တွေက အကြီးဆုံး အဖွဲ့ခေါင်းဆောင် မစ္စတာ ခါတာမီ က အစိုးရရှေ့နေတွေဟာ တရားမဝင် ရယူထားတဲ့ ထွက်ချက် တွေပေါ် မူတည်ပြီး တရားစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။ တဟီရန် မြို့တော်မှာ ဟန်ပြ တရားရုံး ရုံးတင်စစ်ဆေးမှုလို့ သူခေါ်ဆိုတဲ့ စစ်ဆေးမှုတွေ စတင်အပြီး တရက်အကြာ တနင်္ဂနွေနေ့မှာ ရုံးတော်ရဲ့ လုပ်ဆောင်ချက်ကို အခုလို ဝေဖန်လိုက်တာပါ။ ဆန္ဒပြသူတွေဟာ ဗဲလ်ဗက် တော်လှန်ရေး (Velvet Revolution)လုပ်ပြီး လက်ရှိ အီရန် အစိုးရကို ဖြုတ်ချဖို့ ကြံစည်တယ်လို့ စနေနေ့ ရုံးတင်စစ်ဆေးရာ မှာ အစိုးရ ရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။ ဗဲလ်ဘက်တော်လှန်ရေးဟာ ၁၉၈၀နှစ်တွေအတွင်း ဆိုဗီယက် ရုရှားရဲ့ အုပ်ချုပ်မှုကို သွေးထွက်သံယိုမရှိဘဲ ဖယ်ရှားနိုင်ခဲ့တဲ့ အရှေ့ဥရောပနိုင်ငံတွေရဲ့ လှုပ်ရှားမှု ဖြစ်ပါ တယ်။ ဇွန်လ ၁၂ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ အီရန်ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ မာမွတ်အမာဒီနီဂျက် က အနိုင်ရအောင် မဲမသမာမှုတွေ လုပ်ခဲ့တယ်လို့ အတိုက်အခံတွေက ပြောကြားပြီး ဆန္ဒပြပွဲတွေကို လုပ်ခဲ့ကြ တာပါ။ ဒီလို ပြောကြားတဲ့အထဲမှာ သမ္မတဟောင်း ခါတာမီနဲ့အတူ ဒုတိယ သမ္မတအဖြစ် တာဝန် ထမ်းဆောင် ခဲ့တဲ့ မိုဟာမက်အလီ အက်ဘ်တာဟီ(Mohammed Ali Abtahi)အပါအဝင် ထိပ်တန်း နိုင်ငံရေးသမားကြီး တွေ ပါဝင်ပါတယ်။ ဒီအထဲမှာ အရင်က လွှတ်တော် ဥက္ကဋ္ဌဟောင်း (Behzad Nabavi)နဲ့ အရင်က အစိုးရအဖွဲ့ ပြောခွင့်ရ အက်ဘ်ဒူလာ ရာမဇန်ဇေဒါ (Abdollah Ramezanzadeh)တို့လည်း ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG